ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
Google ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ အနောက်ဘက်တွင် တည်ရှိသော Playa Vista အရပ်ရှိ ကြီးမားလှသည့်လေယာဉ်သိုလှောင်ရုံဟောင်းကြီးတစ်ခုကို လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ငှားရမ်းထားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော အင်္ဂါနေ့တွင်မူ တရားဝင်ရုံးရွှေ့ပြောင်းလာခဲ့ပြီ ဖြစ်သည်။
သပ်ပြန့်သော ဘဲငန်း (Spruce Goose) ဟု အမည်ပေးထားသည့် အဆိုပါ လေယာဉ်ရုံကြီးသည် တစ်ချိန်ကမူ ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟုခ်ျ၏ Hughes Aircraft Company က ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သော ရေလေ နှစ်တန်သွား Hughes H-4 Hercules လေယာဉ်ကြီးများ ထားသိုရာနေရာ ဖြစ်ခဲ့သည်။
Hughes H-4 Hercules ယာဉ်ကြီးများကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကြီးမပြီးမီ အချိန်မီထုတ်လုပ်နိုင်ခဲ့ခြင်း မရှိချေ။
လော့စ်အိန်ဂျလိမြို့၏ ကမ်းခြေဒေသဖြစ်သော Venice အရပ်တွင် ဖရန့်ခ် ဂါရီဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့သော Google ၏ ရုံးအဆောက်အအုံနေရာထက် ၃ ဆခန့် ပိုမိုကျယ်ဝန်းသည်။
စတုရန်းပေ ၃၁၉၀၀၀ ခန့်ကျယ်ဝန်းပြီး ၇ ထပ်အဆောက်အအုံခန့် မြင့်မားသော Spruce Goose သိုလှောင်ရုံကြီးကို Google က ၂၀၁၆ ခုနှစ်တွင် စတင်ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
Google က Spruce Goose သိုလှောင်ရုံကြီးတွင် ရုံးခန်းနေရာ ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး စတုရန်းပေ ၅၂၅၀၀၀ အကျယ်အဝန်းရရှိမည်ဟု မျှော်မှန်းခဲ့သည်။
Spruce Goose သိုလှောင်ရုံကြီးကို The Ratkovich ကုမ္ပဏီက ၂၀၁၆ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ ထံသို့ ရောင်းချခဲ့သည်ဟု ဆိုသည်။
ဂျပန်ရင်းနှီးမြှုပ်နှံသူက Spruce Goose သိုလှောင်ရုံကြီးနှင့် ကပ်လျက်အဆောက်အအုံ ၃ ခုကို ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူပြီးနောက်ပိုင်းမှ စတင်ပြီး အဆိုပါအဆောက်အအုံ ၄ ခုလုံးကို Google သို့ ၁၆ နှစ်သက်တမ်း အငှားချထားခဲ့ခြင်း ဖြစ်သည်။
Google သည် လေယာဉ်သိုလှောင်ရုံကြီးနှင့် ကပ်လျက်တွင် တည်ရှိသည့် ၁၂ ဧကကျယ်ဝန်းသော မြေလွတ်နေရာတစ်ခုကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် ဝယ်ယူထားခဲ့သေးသည်။
Google သည် ယခုသိုလှောင်ရုံနေရာတွင် ကာလအတန်ကြာရုံးစိုက်ဦးမည်ဟု ခန့်မှန်းရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)