ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
Amazon သည် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးခေတ်သစ်တစ်ခုကို ရှေ့တန်းတွင် ရောက်ရှိနေပြီဖြစ်သည်။
ကမ္ဘာ့ထိပ်တန်း e-commerce ကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်တစ်ခုဖြစ်သော Amazon သည် လက်ရှိအားဖြင့် အမေရိကန်ပြည်တစ်ဝန်းတွင် အထပ်ပေါင်းများစွာ ပါဝင်သည့် ဖြန့်ဖြူးရေးစင်တာ အဆောက်အအုံများ ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းများစွာတွင် ဖော်ပြသည်။
လက်ရှိဆောက်လုပ်နေသော စင်တာ အဆောက်အအုံကြီးများမှာ Amazon ၏ အဆောက်အအုံများဖြစ်ကြောင်း တရားဝင်အတည်ပြုချက်များ မရှိသော်လည်း အမေရိကန်တစ်ဝန်းရှိ ပုံစံတူ အဆောက်အအုံကြီး ၄ ခု ဆောက်လုပ်ရေးစီမံကိန်းများသည် Amazon နှင့် ဆက်နွှယ်နေကြောင်း သတင်းရင်းမြစ်များစွာတွင် ဖော်ပြသည်။
အဆိုပါအဆောက်အအုံတစ်ခုစီမှာ ၄ ထပ် ဂိုထောင်အဆောက်အအုံကြီးများဖြစ်ကြပြီး စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၂ ဒသမ ၅ သန်းဝန်ကျင်ရှိသည်။
ဝစ္စကွန်ဆင်ပြည်နယ်၏ အကြီးမားဆုံးမြို့တော် မယ်လ်ဝါးကီမြို့၏ ဆင်ခြေဖုံး အုတ်ခ် ခရိခ်အရပ်တွင် ၇၅ ဧက အကျယ်အဝန်းရှိ မြေနေရာ၌ ဖြန့်ဖြူးရေးစင်တာ အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်မည်ဟု အတည်ပြုထားပြီး ဖြစ်သည်။
ယင်းအဆောက်အအုံကြီးတွင် ရုံးခန်းနေရာ ၄၇၂၀၀ စတုရန်းပေ ပါဝင်မည်ဖြစ်ပြီး Project Arrow ဟု အမည်ပေးထားသည်။
Hillwood Development က ဆောက်လုပ်ပေးမည့် ယင်းစီမံကိန်းတွင် Amazon က ငှားရမ်းရုံးခန်းဖွင့်မည့်သူသာဖြစ်ကြောင်း ကြေညာထားသည်။
Amazon သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေကာစ်ဖီးလ်ဒ်တွင် ၆၄ ဧက အကျယ်အဝန်းရှိ မြေကွက်တစ်ကွက် ဝယ်ယူထားပြီး ယင်းမြေနေရာတွင် စတုရန်းပေ ၂ ဒသမ ၅ သန်း အကျယ်အဝန်းရှိ အဆောက်အအုံကြီးတစ်လုံး ဆောက်လုပ်ရန် စီစဉ်ထားကြောင်း လည်း အတည်ပြုချက်များ ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)