ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့်အထိ ကြွေးမြီများတင်ခဲ့သော တရုတ်ထိပ်တန်း ကုမ္ပဏီကြီး HNA သည် ၂၀၁၇ နှစ်ကုန်မှ စတင်ပြီး ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာ ပြန်လည်ရောင်းထုတ်မှုများ ပြုလုပ်လျက်ရှိခဲ့သည်။
ယခုအခါတွင်လည်း လေကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍ လုပ်ငန်းပိုင်းမှ ပိုင်ဆိုင်ထားသော ပေကျင်းရှိ ရုံးခန်းအဆောက်အအုံ တစ်ခုကို China Vanke ကုမ္ပဏီထံ ယွမ်ငွေ ၁ ဒသမ ၂၉ ဘီလီယံ (ကန်ဒေါ်လာ သန်း ၁၉၀) ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိသည်။
ရှန်ဟိုင်း စတော့အိတ်ချိန်းသို့ Hainan Airlines ကုမ္ပဏီ၏ တင်ပြချက်အရ ကုမ္ပဏီပိုင် Beijing HNA Plaza ကို ရောင်းချရန် စီစဉ်နေကြောင်း ဖော်ပြသည်။
Beijing HNA Plaza သည် စတုရန်းမီတာ ၃၉၀၀၀ ( ၄၂၀၀၀၀ စတုရန်းပေ) ရှိပြီး ပေကျင်းမြို့၊ ကျောက်ယန်ခရိုင်၊ North East Third Ring လမ်း၊ အမှတ် ၂ တွင် တည်ရှိသည်။
တင်ပြချက်အရ ယခုအရောင်းအဝယ်မှ Hainan Airlines အတွက် ယွမ်ငွေ ၅၅၇ သန်း မြတ်စွန်းမည်ဟု ဆိုသည်။
ယခုရောင်းချမှုမှာ ၄၅ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၄၅ သန်းနှင့်အထက်တန်ကြေးရှိ တတိယမြောက် ပြည်မကြီး အိမ်ခြံမြေ အရောင်းအဝယ်လည်း ဖြစ်သည်။
ယင်းကာလအတွင်း HNA မှ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီအချို့ရှိနေခဲ့ပြီး ကုမ္ပဏီအတွက် ငွေဖြစ်လွယ်မှုအကျပ်အတည်းများဖြင့် ရုန်းကန်ရလျက်ရှိချိန်လည်း ဖြစ်သည်။
ယခုအရောင်းအဝယ်ဈေးနှုန်းအရ တစ်စတုရန်းမီတာလျှင် ယွမ်ငွေ ၃၉၀၀၀ သာရှိပြီး ဒေသတွင်း အခြားအရောင်းအဝယ်များနှင့် နှိုင်းယှဉ်လျှင် များစွာဈေးနှုန်း နည်းပါးနေသည်။
ယခုအဆောက်အအုံအနီးရှိ အခြားအလားတူ ရုံးခန်း အဆောက်အအုံများဆိုလျှင် ပျှမ်းမျှခေါ်ဈေး တစ်စတုရန်းမီတာလျှင် ယွမ်ငွေ ၈၀၀၀၀ ခန့်အထိ ပေါက်ဈေးရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)