ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
စင်္ကာပူတွင် အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်အတွက်ရည်ရွယ်ကာ အိမ်ခြံမြေဈေးကွက်တွင် စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်လာသောကြောင့် ဆောက်လုပ်ရေးကုမ္ပဏီငယ်များအနေဖြင့် ကြွေးမြီများပေးဆပ်နိုင်ရန် ခက်ခဲမှုများ ပိုမိုကြုံတွေ့လာကြရမည့် အရေး ဖြစ်ပေါ်လျက်ရှိသည်။
စင်္ကာပူ၏စီးပွားရေးမှာ ယခုနှစ် ဒုတိယ ၃ လပတ်ကာလအတွင်း ပိုမိုနှေးကွေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သော ဇူလိုင်လမှ စတင်ပြီး ဆောက်လုပ်ရေး developer များကို တံဆိပ်ခေါင်းခွန်များ တိုးမြှင့်ကောက်ခံခဲ့သည့်အပြင် ပထမဆုံးနေအိမ်ဝယ်ယူမည့်သူများအတွက် ချေးငွေရယူမှုစည်းမျဉ်း တင်းကြပ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
နေအိမ်ဝယ်လိုအား ကျဆင်းခြင်းများမှာ ဆောက်လုပ်ရေးကဏ္ဍကြီးတစ်ခုလုံးကို အထိနာစေမည့် အရေးလည်း ဖြစ်သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း စင်္ကာပူဆောက်လုပ်ရေးကဏ္ဍမှ အလုပ်အကိုင်နေရာ ၁၂ ဒသမ ၃ ရာခိုင်နှုန်း ဖြည့်တင်းပေးထားခဲ့သည်။
ဝယ်လက်တို့၏ ဝယ်လိုအားကျဆင်း၊ နှေးကွေးမှုများဖြစ်ပေါ်နေချိန်တွင် ဆောက်လုပ်ရေးကုမ္ပဏီများစွာမှာ ၎င်းတို့၏ ချေးငွေအပေါ် အတိုးနှုန်းမြင့်တက်လာမှုများကိုလည်း ရင်ဆိုင်လာကြရသည်။
ယင်းအခြေအနေများကြောင့် ငွေဖြစ်လွယ်မှု ခက်ခဲများများမှသည် ကြွေးမြီများ ပြန်လည်ပေးဆပ်ရန် အခက်ကြုံလာသည်အထိ ရင်ဆိုင်ရဖွယ်ရှိကြောင်း သုံးသပ်ချက်များ ထွက်ပေါ်လာသည်။
ဖောင်ဒေးရှင်း piling လုပ်ငန်းများ အဓိကလုပ်ကိုင်သည့် စင်္ကာပူအခြေစိုက် Ryobi Kiso Holdings Ltd ၏ ထုတ်ပြန်ချက်တစ်ရပ်အရ ၎င်း၏ ကုမ္ပဏီခွဲတစ်ခုမှာ ကြွေးမြီများ ပြန်လည်မပေးဆပ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)