ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ကမ္ဘာ့အိမ်ခြံမြေဈေးနှုန်းအမြင့်မားဆုံးဖြစ်သော ဟောင်ကောင်တွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်နိုင်ချေ အမြင့်မားဆုံး ဖြစ်ပေါ်နေ ကြောင်း UBS Global Wealth Management ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်သာမကဘဲ ပြီးခဲ့သောနှစ်အတွင်း မြူးနစ်၊ တိုရွန်တို၊ ဗန်ကူးဗား၊ လန်ဒန်နှင့် အမ်စတာဒမ်တို့တွင်လည်း အိမ်ခြံမြေဈေးနှုန်း များ အလွန်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း UBS က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေပူဖောင်းဖြစ်စဉ် ညွှန်းကိန်း တွင် ဖော်ပြသည်။
ပြီးခဲ့သောနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ ဖြစ်ခဲ့သည့်တိုင် တိုရွန်တိုနှင့် လန်ဒန်တို့သည် အိမ်ခြံမြေပူဖောင်းဖြစ်စဉ် ပေါ်ပေါက်ရန် အန္တရာယ်ရှိသော မြို့များအဖြစ် ဆက်လက်ရပ်တည်နေသည်။
အဆိုပါလေ့လာချက်အရ ကမ္ဘာ့ဘဏ္ဍာရေးအချက်အခြာမြို့ပြအများစုတွင် အိမ်ခြံမြေဈေးနှုန်းအလွန်အကျွံတန်ဖိုးဖြတ်မှုများ ဖြစ်ပေါ်နေပြီး ချီကာဂိုတစ်မြို့တည်းသာလျှင် ပုံမှန်အောက်လျှော့ချတန်ဖိုးသတ်မှတ်မှုကို တွေ့ရှိခဲ့ကြသည်။
ဟောင်ကောင်တွင် ပြီးခဲ့သော ၃ လပတ်ကာလပေါင်း ၄ ခုအတွင်း လူနေအိမ်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ဟောင်ကောင်၏ အိမ်ခြံမြေဈေးနှုန်းမျှတသင့်တင့်မှု အခြေအနေမှာ အခြားကမ္ဘာ့မြို့ကြီးများ အားလုံးထက် ဆိုးရွားလျက်ရှိနေခဲ့သည်။
ဈေးကွက်သို့ အိမ်ခြံမြေသစ်များ ဖြည့်တင်းနိုင်မှု နည်းပါးပြီး ဝယ်လိုအားမှာ ဆက်လက်မြင့်တက်နေခဲ့သောကြောင့်လည်း ဖြစ်သည်။
မကြာတော့သည့် အနာဂတ်အတွင်း ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှု နှေးကွေးသွားဖွယ်ရာရှိကြောင်းလည်း UBS က ဟောကိန်းထုတ်သည်။
ပြီးခဲ့သော ဆယ်စုနှစ်အတွင်း အာရှတွင် အိမ်ခြံမြေဈေးနှုန်းများ တန်ဖိုးမျှတသင့်တင့်မှု အခြေအနေတိုးတက်မှုရှိခဲ့သော မြို့ကြီးအနည်းငယ်အနက် စင်္ကာပူလည်း ပါဝင်သည်။
ဘော့စ်တွန်နှင့် မီလန်မြို့ကြီးများမှာလည်း အိမ်ခြံမြေတန်ဖိုးမျှတသည့် မြို့ကြီးများအဖြစ် ရပ်တည်လျက်ရှိနေသည်။
စတော့ဟုမ်းမှာမူ ပြီးခဲ့သော ၂၀၁၇ နှစ်လယ်ပိုင်းမှ စတင်ပြီး အိမ်ခြံမြေဈေးနှုန်းများ ၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်နိုင်ဖွယ်ရှိသည့် အန္တရာယ်ရှိနေဆဲ ဖြစ်ကာ ဆစ်ဒနီသည်လည်း အဆိုပါစာရင်းတွင် ပါဝင်နေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)