ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဂျပ်စတင် တင်းဘားလိတ်ခ်သည် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဂျက်ဆီကာ ဘိုင်ယယ်လ်နှင့်အတူ နယူးယောက်မြို့လယ်တွင် ပိုင်ဆိုင်ထားသော penthouse ခန်း ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ နှစ်သိန်းခွဲခန့် ထပ်မံလျှော့ချပေးလိုက်ပြန်ပြီ ဖြစ်သည်။
အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါ ကွန်ဒိုခန်းကို ယခုနှစ် မတ်လအတွင်းက ကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ဈေးခေါ်ကာ ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
မေလတွင် ခေါ်ဈေးထပ်မံလျှော့ချပေးသော်လည်း ယနေ့တိုင်ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်းအထိ ဈေးလျှော့ပေးလိုက်ခြင်းဖြစ်သည်။
ဂျပ်စတင် တင်းဘားလိတ်ခ်က အဆိုပါအခန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဂျပ်စတင် တင်းဘားလိတ်နှင့် ဂျက်ဆီကာ ဘိုင်ရယ်လ်တို့ ဈေးကွက်တင်လာသော penthouse ခန်းကဲ့သို့ တန်ဖိုးကြီး ဇိမ်ခံလူနေခန်းများမှာ ဝယ်လက်ရှာဖွေတွေ့ရှိရန် သာမန်အခန်းထက် များစွာ အချိန်ယူကြရသည်။အိမ်ခြံမြေတစ်ခု ရောင်းမထွက်ရခြင်းများတွင် အကြောင်းရင်းများ ရှိကြသည်။
နေအိမ်သည် ဆိုးဆိုးရွားရွားပျက်စီးယိုယွင်းနေခြင်းမျိုးဖြစ်နိုင်သည်၊ ခေါ်ဈေးများလွန်းခြင်း ဖြစ်နိုင်သည် (သို့မဟုတ်) ဈေးကွက်တင်သည့် ကြော်ငြာတွင် ဖော်ပြထားသည့် ဓာတ်ပုံများ စွဲဆောင်မှုမရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ယခု ဂျက်စတင် တင်းဘားလိတ်ခ်၏ နေအိမ်မှာမူ အဆိုပါ အချက် ၃ ခုလုံးနှင့် အကျုံးမဝင်သည့်တိုင် ရောင်းမထွက်ခြင်းဖြစ်သည်။
သို့ဆိုလျှင် မည်သည့်အတွက် ဝယ်လက်ရှာမတွေ့ပါသနည်း။
ဖြစ်တန်ရာချေရှိသည်မှာ အဆောက်အအုံ ကိုယ်တိုင်ကြောင့် ဖြစ်နိုင်ပါသည်။
Soho Mews အဆောက်အအုံကြီးကို ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၉ ထပ်အမြင့်ရှိကာ အခန်းပေါင်း ၆၈ ခန်း ပါဝင်သည်။
“Soho Mews ဟာ စွဲမက်ဖွယ်ရာ အဆောက်အအုံမျိုးမဟုတ်ဘဲ သာမာန်အဆောက်အအုံတစ်လုံးသာဖြစ်ပါတယ်။ နေရာက သိပ်ပြီး သာမာန်ဆန်နေတာကြောင့် အရောင်းဈေးကွက်တင်ရာမှာ ဒီကိုလာကြည့်ဖို့တောင် ပင့်အားတွေ ပေးပြီး လူတွေအများကြီး ပို့ပေးရ ပါတယ်” ဟု နယူးယောက်အခြေစိုက် Dolly Lenz Real Estate အိမ်ခြံမြေကုမ္ပဏီ တည်ထောင်သူ ဒေါ်လီ လန့်ဇ်က ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)