ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပုဂံဒေသကို သက်ရှိပြတိုက်ပုံစံတည်ရှိစေလိုသဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လာပါကလည်း ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ဟိုတယ်များကို ရွှေ့ပြောင်းခိုင်းမည်မဟုတ်ဘဲ ယခုအတိုင်းဆက်လက်ထားရှိသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက စက်တင်ဘာလ ၂၇ ရက်တွင်ပြောသည်။
“ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။ ပုဂံဒေသကို အသက်မဝင်တဲ့ပြတိုက်တစ်ခုလိုမျိုးမဖြစ် စေချင်ပါဘူးတဲ့။ သက်ဝင်လှုပ်ရှားနေတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေရောထွေး ယှဉ်တွဲတည်ရှိနေတဲ့ သက်ရှိပြတိုက်ပုံစံမျိုးတည်ရှိနေစေချင်ပါတယ်တဲ့။ ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ် စာရင်း တင်သွင်းရရှိလို့လည်းမည်သည့် စီးပွားရေးလုပ်ငန်းကိုမှမထိခိုက်စေရပါဘူး။ မထိအောင်လုပ်ပါ တဲ့။ ဘယ်ဟိုတယ်မှမရွှေ့ရဘူး။ ဆောက်လက်စဟိုတယ်တွေလည်းဆက်ဆောက်ရမယ်။ နောင်ဆောက်မယ့် ဟိုတယ်တွေလည်း ရှေးဟောင်းစေတီပုထိုးသာသနိကအဆောက်အအုံတွေကြားထဲက လွဲရင်ကျန်တဲ့ မြို့ပတ် နယ်နိမိတ် အတွင်းမှာ ဆောက်ခွင့်ပြုပါတယ် ”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက စက်တင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၁၈ (World Tourism Day-2018) အထိမ်းအမှတ်အခမ်းအနားအပြီးတွင် သတင်းမီဒီယာများသို့ ပြောသည်။
လက်ရှိ ညောင်ဦးမြို့နှင့် ပုဂံမြို့များနှင့် ဆက်စပ်နေသည့် ရွာပေါင်း (၂၉)ရွာကိုပါ မြို့ပြဇုန်အဖြစ်သတ် မှတ်ရန် ဇုန်နယ်နိမိတ်ကို ပြင်ဆင်ရေးဆွဲထားကြောင်း၊ ထို့ပြင် ၁၉၉၈ခုနှစ် ကရေးဆွဲခဲ့သည့် ပုဂံရှေးဟောင်း အမွေအနှစ်များထိန်းသိမ်းရေးဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲနေပြီး ယင်း ဥပဒေပြင်ဆင်ချက်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမတိုင်မီ ယူနက်စသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။
“ထို့ကြောင့် နိုင်ငံသား၊တိုင်းရင်းသားတွေရဲ့မည်သည့်စီးပွား ရေးလုပ်ငန်းမှ ထိခိုက်နစ်နာမှုမရှိစေရပါဘူးလို့ အာမခံပါတယ်။ ပုဂံဇုန်အတွင်း ၄၂လုံးကျော်လောက်ရှိပါတယ်။ ဆောက်ပြီး သားရောဆောက်လက်စ ရော ၄၀ ကျော်ရှိပါတယ်။ တစ်ခုမှမပြောင်းရပါဘူး။ ပုဂံဒေသရဲ့ရှေးဟောင်းအမွေအနှစ် ကာကွယ်စောင့်ရှောက် ရေးဥပဒေကို ပြန်ပြင်လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။
Credit: The Myanmar Times