ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ မှန်းဆ၍မရသော အနာဂတ်များနှင့် ကမ္ဘာ့တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက် အေးစက်နေခြင်း များကြောင့် တရုတ်နာမည်ကျော်မင်းသမီး ရှုကြည်က ဟောင်ကောင်ရှိနေအိမ်ကို အရှုံးခံရောင်းချလိုက်ကြောင်း ဟောင်ကောင် အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရှုကြည်သည် တရုတ်ပြည်တွင် အနုပညာကြေးအမြင့်မားဆုံး သရုပ်ဆောင်မင်းသမီးများတွင် တစ်ဦး အပါအဝင်ဖြစ်သည်။
လာမည့် ၁၂ လတာကာလအတွင်း အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်ကျဆင်းမည်ဟု အိမ်ခြံမြေဈေးကွက်သုတေသီတို့၏ ခန့်မှန်းချက်များ၊ ကုန်သွယ်ရေးစစ်ပွဲဂယက်များနှင့် အတိုးနှုန်းများမြင့်တက်လာနေမှုတို့ကြောင့် ရှုကြည်က တိုင်ပိုအရပ်ရှိ အိမ်ကို အရှုံးခံရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။
The Beverly Hills အိမ်ရာစီမံကိန်းရှိ စတုရန်းပေ ၁၆၀၆ ကျယ်ဝန်းသော နေအိမ်ကို ဟောင်ကောင်ဒေါ်လာ ၁၇ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၂ သန်း) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်။
အဆိုပါဈေးနှုန်းမှာ လွန်ခဲ့သော ၂ နှစ်က အရောင်းဈေးကွက်တင်ခဲ့စဉ် ဈေးခေါ်ခဲ့ဖူးသော ဟောင်ကောင်ဒေါ်လာ သန်း ၂၀ နှင့် နှိုင်းယှဉ်လျှင် ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၄ သန်းခန့် နည်းပါးနေသည်။
ရှုကြည်သည် အဆိုပါနေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေါ်လာ ၁၈ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုဈေးနှုန်းမှာ ပွဲစားခနှင့် အကောက်ခွန်ခများနှုတ်လျှင် ဝယ်ယူခဲ့သည့်ပမာဏအောက် ဟောင်ကောင်ဒေါ်လာ ၇၀၀၀၀၀ ခန့် အရှုံးပေါ်နေသည်။
လာမည့် ၁၂ လအတွင်း ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများမှာ ၀ ဒသမ ၂ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရာရှိကြောင်း Royal Institute of Chartered Surveyors က ထုတ်ပြန်သည့် လစဉ်သုတေသနစစ်တမ်းတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)