ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အီကွေတာရပ်ဝန်းပေါ်တွင် တည်ရှိပြီး အပူပိုင်းဒေသရာသီဥတုရှိသည့် အင်ဒိုနီးရှားတွင် နက္ခတ်တာရာ၊ ရာသီဥတု စသည် စောင့်ကြည့်လေ့လာရာ သီးသန့်အဆောက်အအုံများစွာ ရှိပါသည်။ နိုင်ငံအနောက်ပိုင်းတွင် အများဆုံးဖြစ်ပြီး ယခုအခါ အရှေ့ပိုင်းတွင် တစ်ခုတည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည်။
အမျိုးသားလေကြောင်းနှင့် အာကာသသိပ္ပံ (လာပန်) က အရှေ့နျူဆာတန်ဂါရာရှိ တီမာဝူဒေသတွင် အရှေ့တောင်အာရှ၏အကြီးဆုံး နက္ခတ်တာရာစောင့်ကြည့်လေ့လာရေးအဆောက်အအုံကို တည်ဆောက်ရန် ပြင်ဆင်နေသည်။
သုတေသန၊ နည်းပညာနှင့် အဆင့်မြင့်ပညာရေးဝန်ကြီး ပါမောက္ခ မိုဟာမက်နာဆာက မောင့်ထ်တီမာဝူအရပ်ကို အမျိုးသားစောင့်ကြည့်လေ့လာရာနေရာတစ်ခုအဖြစ်နှင့် အမျိုးသားမဟူရာဝေဟင်ဥယျာဉ်တစ်ခုအဖြစ် တရားဝင်လျာထားခဲ့သည်။ သူက
၎င်းစောင့်ကြည့်လေ့လာရေးအဆောက်အအုံသည် ထိုအရပ်ဒေသ၏ ခရီးသွားလုပ်ငန်းကို တိုးတက်ကောင်းမွန်စေပြီး ယင်းဒေသအား သုတေသနနှင့် နည်းပညာဌာနတစ်ခုအဖြစ် တိုးတက်ဖြစ်ပေါ်လာစေမည်ဟု ခန့်မှန်းရသည်။
တီမာဝူတောင်တန်းဒေသသည် အီကွေတာအနီး တည်ရှိသဖြင့် ကမ္ဘာ့တောင်ခြမ်းနှင့် မြောက်ခြမ်းတို့ကို စောင့်ကြည့်လေ့လာရန် အသုံးပြုနိုင်သောကြောင့် ၎င်းအားနက္ခတ်တာရာစောင့်ကြည့်လေ့လာရေးအဆောက်အအုံတစ်ခု တည်ဆောက်ရန် သင့်လျော်သောနေရာတစ်ခုအဖြစ် ယူဆနိုင်သည်။ ၎င်းတောင်တန်းဒေသသည် လေထုညစ်ညမ်းမှုကင်းစင်ကာ ၎င်းဒေသ၏ အပူပိုင်းဒေသရာသီဥတုသည် နက္ခတ်တာရာစောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန်အတွက် အကောင်းဆုံးဖြစ်သည်။
ယင်းအဆောက်အအုံအား အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်စေမည့် အချင်း ၃ ဒသမ ၈ မီတာရှိသော အဆင့်မြင့်အဝေးကြည့်မှန်ပြောင်းတစ်ခုကို ထိုအဆောက်အအုံအတွင်း ထားရှိမည်ဖြစ်သည်။ နောက်ဆုံးပေါ်နည်းပညာများရှိမည့် ၎င်းအဝေးကြည့်မှန်ပြောင်းအား ယခုအခါ ဂျပန်တွင် ထုတ်လုပ်လျက်ရှိသည်။
အင်ဒိုနီးရှားသည် နက္ခတ်တာရာသုတေသနနှင့် ပတ်သက်၍ ၁၉၂၃ ခုနှစ်ကတည်းက ကာလရှည်ကြာသမိုင်းအစဉ်အလာရှိခဲ့သည်။ နိုင်ငံရှိ နက္ခတ်တာရာစောင့်ကြည့် အဆောက်အအုံများစွာအနက် အနောက်ဂျာဗားပြည်နယ်၊ လမ်ဘန်းဒေသရှိ ဘော့စ်ချာစောင့်ကြည့်လေ့လာရေးအဆောက်အအုံက လက်ရှိတွင် အကြီးမားဆုံးနှင့် သက်တမ်းအရင့်ဆုံး ခေတ်သစ်စောင့်ကြည့်လေ့လာရေးအဆောက်အအုံလည်း ဖြစ်သည်။
တီမာဝူစောင့်ကြည့်လေ့လာရေးအဆောက်အအုံကို ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com