ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး e-commerce ကုမ္ပဏီဖြစ်သော JD.com သည် နေ့စဉ်နေ့တိုင်း စတိုးဆိုင်ပေါင်း ၁၀၀၀ ကျော် ဖွင့်လှစ်သွားမည်ဟု ကတိပြုလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
JD.com သည် အွန်လိုင်းမှ offline ကမ္ဘာသို့ နယ်ပယ်ချဲ့ထွင်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။
“ပြီးခဲ့တဲ့လတုန်းက JD.com ဟာ တရုတ်ပြည်မှာ ရက်သတ္တပတ်တိုင်း ကုန်မျိုးစုံစတိုးဆိုင် ၁၀၀၀ ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အခုနှစ်ကုန်အထိ နေ့စဉ်နေ့တိုင်း စတိုးဆိုင် ၁၀၀၀ ဖွင့်လှစ်သွားနိုင်ဖို့ ဖြစ်ပါတယ်။
စတိုးဆိုင်အားလုံးနီးပါးဟာ franchise အနေနဲ့ ဖွင့်လှစ်သွားဖွယ်ရာ ရှိပါတယ်” ဟု JD.com ၏ အမှုဆောင်အရာရှိချုပ် လျူကျန်းတုံက တရုတ်ပြည် အနောက်တောင်ပိုင်း ချုံကင်းမြို့တွင်ကျင်းပသော ကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့သည်။
JD.com သည် လာမည့် ၅ နှစ်အတွင်း လက်လီစတိုးဆိုင်ပေါင်း တစ်သန်းခန့်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထက်ဝက်ခန့်မှာ ကျေးလက်ဒေသများတွင် တည်ရှိလိမ့်မည်ဖြစ်ကြောင်း လျူကျန်းတုံက ကြေညာထားသည်။
Franchise ပုံစံဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်ဆိုင်ချင်းမှာ ရင်းနှီးမြှုပ်နှံသူတစ်ဦးစီ၏ လွတ်လပ်စွာရပ်တည်မှုဖြင့် လည်ပတ်မည် ဖြစ်သည်။
ဆိုင်ခွဲဖွင့်လှစ်လိုသူများအား JD.com က ချေးငွေထုတ်ပေးကာ အလွယ်တကူဆိုင်ဖွင့်နိုင်ရန် ကူညီမှုများ ပေးအပ်သွားမည်ဟု ဆိုသည်။
“တစ်နေ့ကို လျှောက်လွှာပေါင်း ၅၀၀၀၀ လောက် ကျွန်တော်တို့ လက်ခံရရှိပါတယ်။ လျှောက်ထားသူအများစုက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး သူတို့ရဲ့ ကျေးရွာ (သို့မဟုတ်) မြို့ငယ်လေးတွေကို ပြန်လည်အခြေချနေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဆိုင်ဖွင့်နိုင်ဖို့အတွက် သူတို့ကို ချေးငွေတွေ ထုတ်ပေးသွားမှာပါ။ သူတို့အနေနဲ့ တစ်လကို ယွမ်ငွေ ၈၀၀၀ ကျော် ဝင်ငွေရနိုင်ပါတယ်” ဟု လျူကျန်းတုံက ပြောကြားသည်။
ယခုစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်သည့် ပထမအသုတ်တွင် ဆိုင်ပေါင်း ၁၁၁၁ ဆိုင် တစ်နေ့တည်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)