ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ ထက်မနည်း ပိုင်ဆိုင်မှုရှိသည့် ဒေသခံဦးရေ ၇၉,၅၉၅ ဖြင့် အမေရိကန်သည် ၎င်းသန်းကြွယ်ဦးရေအများဆုံးရှိသည့် နိုင်ငံအဖြစ် ကမ္ဘာတွင် ကြီးစိုးဆဲ ဖြစ်သည်။ ဂျပန်နှင့် တရုတ်ပြည်မကြီးတို့ကလည်း ၁၇,၉၁၅ ဦးနှင့် ၁၆,၈၇၅ ဦးတို့ဖြင့် ဒုတိယနှင့် တတိယအများဆုံးရှိသည့် နိုင်ငံများအဖြစ် ရပ်တည်ကြဆဲဖြစ်သည်။
ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတို့ကြောင့် အာရှသည် ယမန်နှစ်က ယင်းသန်းကြွယ်ဦးရေ ၂၇ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး သန်းကြွယ်ဦးရေဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံးဒေသဖြစ်လာခဲ့သည်။
ပိုင်ဆိုင်မှုစုံစမ်းရေးနှင့် အချက်အလက်ကုမ္ပဏီ Wealth X ၏ ယခုလအတွင်း ထွက်ရှိခဲ့သော ၂၀၁၈ ခုနှစ် ကမ္ဘာ့ပိုင်ဆိုင်မှုအစီရင်ခံစာအရ ဖွံ့ဖြိုးနှုန်း ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်က ၎င်းသန်းကြွယ်ဦးရေဖွံ့ဖြိုးမှုနှုန်းအမြန်ဆုံးနိုင်ငံ ၁၀ နိုင်ငံအနက် တစ်ခုတည်းသော အာဆီယံနိုင်ငံအဖြစ် တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်ကတည်းက ၂၀၁၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်က ဖွံ့ဖြိုးနှုန်း ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊ တရုတ်က ၁၃ ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ကင်ညာက ၁၁ ဒသမ ၇ ရာခိုင်နှုန်း၊ အိန္ဒိယက ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဟောင်ကောင်က ၉ ဒသမ ၃ ရာခိုင်နှုန်း၊ အိုင်ယာလန်က ၉ ဒသမ ၁ ရာခိုင်နှုန်း၊ အစ္စရေးက ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ပါကစ္စတန်က ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမေရိကန်က ၈ ဒသမ ၁ ရာခိုင်နှုန်းတို့ဖြင့် ၎င်းသန်းကြွယ်ဦးရေဖွံ့ဖြိုးမှုနှုန်းအမြန်ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် အသီးသီးဖော်ပြခံခဲ့ကြရသည်။
ယင်းအစီရင်ခံစာကို Wealth-X က ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ ထက်မနည်း ပိုင်ဆိုင်မှုရှိသူများအား လေ့လာ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်၏ အဆိုပါသန်းကြွယ်ဦးရေဖွံ့ဖြိုးမှုသည် တစ်ဖက်မှကြည့်လျှင် စိုးရိမ်စရာ ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းက ဗီယက်နမ်ရှိ ချမ်းသာကြွယ်ဝမှုကွာဟချက်မှာ မကြုံစဖူးလျှင်မြန်စွာကျယ်ပြန့်လာကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းကြောင့် ဖြစ်ပေသည်။
ယင်းဗီယက်နမ်သန်းကြွယ်များ၏ ထိုပိုင်ဆိုင်မှုမှ တစ်နာရီလျှင် ရရှိသည့် ငွေပမာဏသည် အဆင်းရဲဆုံးဗီယက်နမ်နိုင်ငံသား ၁၀ ရာခိုင်နှုန်းက သူတို့၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များအတွက် တစ်နေ့လျှင် သုံးစွဲရသော ငွေပမာဏ၏ အဆငါးထောင်နီးပါးရှိသည်ဟုလည်း ထိုအစီရင်ခံစာက ဖော်ပြခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com