ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
နိုင်ငံနှင့်ချီပါက အမေရိကန်က သန်းကြွယ်သူဌေးဦးရေအများဆုံးနိုင်ငံ ဖြစ်ဆဲဆိုသော်လည်း ကမ္ဘာ့မြို့ပြများအနက် သန်းကြွယ်သူဌေးဦးရေအများဆုံးအဖြစ် ကာလရှည်ကြာရပ်တည်လာခဲ့သည့် နယူးယောက်ကို ယခုအခါ ဟောင်ကောင်က ကျော်တက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံပိုင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်သည် ယခုအခါ အမေရိကန်ရှိ အထင်ကရမြို့ပြ နယူးယောက် ခေါ် နယူးယောက်စီးတီးထက် သာလွန်ကာ အမေရိကန်ဒေါ်လာာ သန်း ၃၀ ထက်မနည်း ပိုင်ဆိုင်မှုရှိသည့် ဒေသခံအများဆုံးစုဝေးရာ မြို့ဖြစ်လာပြီဖြစ်ကြောင်း ပိုင်ဆိုင်မှုစုံစမ်းရေးနှင့် အချက်အလက်ကုမ္ပဏီ Wealth X ၏ ယခုလအတွင်း အစီရင်ခံစာသစ်တစ်စောင်က ဖော်ပြခဲ့သည်။
ထိုသို့ချမ်းသာသူဦးရေသည် ၂၀၁၇ ခုနှစ်၌ နယူးယောက်တွင် ၈,၈၆၅ ဦး ရှိခဲ့ပြီး ဟောင်ကောင်တွင် ၁,၀၁၀ ဦး ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်၏ ကမ္ဘာတစ်ဝန်း ထိုသန်းကြွယ်ဦးရေတိုးတက်နှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်ခဲ့စဉ် ဟောင်ကောင်ရှိ ထိုသန်းကြွယ်ဦးရေသည် ၃၁ ရာခိုင်နှုန်း များပြားလာခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က ကမ္ဘာတစ်ဝန်းတွင် ယင်းသန်းကြွယ်ဦးရေသည် ၂၅၅,၈၁၀ ဦး ရှိခဲ့သည်။
ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များတွင် စီးပွားရေးကျယ်ပြန့်စွာဦးမော့လာခြင်းနှင့် ပိုမိုမြင့်တက်လာသော အတိုးနှုန်းများနှင့်ကုန်သွယ်မှုတို့က ဟောင်ကောင်တွင် ၎င်းသန်းကြွယ်ဦးရေတိုးပွားလာရခြင်း အဓိကအကြောင်းရင်းများဖြစ်ကြောင်း Wealth-X ၏ လေ့လာသုံးသပ်သူများက မှတ်ချက်ပြုခဲ့သည်။
တရုတ်ပြည်မကြီးနှင့် အားကောင်းလာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်နွှယ်မှုများကလည်း ဟောင်ကောင်၏ ကြီးထွားလာသော ကြွယ်ဝချမ်းသာမှုကို တစ်တပ်တစ်အားပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
၎င်းသန်းကြွယ်ဦးရေအများဆုံး (၁၀) မြို့အနက် နယူးယောက်က ၇ ရာခိုင်နှုန်းဖြင့် လူဦးရေတိုးတက်မှုအနည်းဆုံးမြို့လည်း ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်က ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းဖြစ်ပွားခဲ့စဉ်ကတည်းက နယူးယောက်၏ ဘဏ္ဍာရေးကဏ္ဍသည် ကျုံ့လာပြီး ကြီးကြီးမားမားပြန်လည်တည်ဆောက်မှုနှင့် ကြုံတွေ့လာရကြောင်းလည်း အစီရင်ခံစာတွင် မှတ်ချက်ပြုဖော်ပြခဲ့သည်။
တိုကျိုက ယင်းသန်းကြွယ်ဦးရေ ၆,၇၈၅ ဖြင့် တတိယနေရာ ရရှိခဲ့ကာ လော့စ်အိန်ဂျလိစ်က ၅,၂၅၀ ဦးနှင့် ပဲရစ်က ၃,၉၅၀ ဦးတို့ဖြင့် စတုတ္ထနှင့် ပဉ္စမတို့ ရရှိခဲ့သည်။
အိုဆာကာက ၂၇၃၀ ဦးဖြင့် နံပါတ် ၆ နေရာ၌လည်းကောင်း၊ လန်ဒန်က ၃၈၃၀ ဦးဖြင့် နံပါတ် ၇ နေရာ၌လည်းကောင်း၊ ချီကာဂိုက ၃,၂၅၅ ဦးဖြင့် နံပါတ် ၈ နေရာ၌လည်းကောင်း၊ ဆန်ဖရန်စစ္စကိုက ၂,၈၂၀ ဦးဖြင့် နံပါတ် ၉ နေရာနှင့် ဝါရှင်တန်ဒီစီက ၂,၇၃၅ ဦးဖြင့် နံပါတ် ၁၀ နေရာတို့၌ အသီးသီးဖော်ပြခံခဲ့ကြရကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com