ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားရေနံသူဌေးကြီး ရိုမန် အဗရာမိုဗစ်ခ်ျသည် ဇနီးဟောင်းအား အမေရိကန်ပြည်၊ နယူးယောက်မြို့ရှိ ကန်ဒေါ်လာ ၉၂ သန်းတန် နေအိမ်လွှဲပြောင်းပေးလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဇနီးဟောင်းဖြစ်သူ ဒါရှာ ဇူကိုဗာအား လွှဲပြောင်းပေးခဲ့သည့်နေအိမ်မှာ နယူးယောက်မြို့၊ Upper East Side တွင် တည်ရှိပြီး ကန်ဒေါ်လာ ၉၂ ဒသမ ၃ သန်းခန့် တန်ကြေးရှိသည်။
ဇူကိုဗာက အရှေ့ ၇၅ လမ်းရှိ နေအိမ် ၃ လုံးကို ပေါင်းစည်း၍ ကြီးမားလှသော စံအိမ်ကြီးအဖြစ် ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိအားဖြင့် အရှေ့ ၆၄ လမ်းနေအိမ်တွင် နေထိုင်လျက်ရှိသည်။
အဆိုပါနေအိမ်မှာ အဗရာမိုဗစ်ခ်ျ ပိုင်ဆိုင်ထားသော နေအိမ်ဖြစ်သော်လည်း အဗရာမိုဗစ်ခ်ျမှာ အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှု ခံထားရပြီးနောက်ပိုင်း အမေရိကန်မြေသို့ ခြေချနိုင်ခဲ့ခြင်း မရှိတော့ချေ။
အဗရာမိုဗစ်ခ်ျက ယင်းနေအိမ်ကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလ ၁၄ ရက်တွင် အရှေ့ ၇၅ လမ်း၊ ခြံအမှတ် ၉၊ ၁၁ နှင့် ၁၃ တို့ကို အဗရာမိုဗစ်ခ်ျက ဒါရှာ ဇူကိုဗာသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ စုစုပေါင်းတန်ကြေး ကန်ဒေါ်လာ ၇၄ သန်းဖိုးရှိသည်။
ထို့အပြင် အဗရာမိုဗစ်ခ်ျသည် အရှေ့ ၇၅ လမ်း၊ ခြံအမှတ် 15E ကိုလည်း ဇူကိုဗာထံ ပိုင်ဆိုင်မှုလွှဲပြောင်းပေးခဲ့သည်။
ယခုကဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းများမှာ ကွာရှင်းပြတ်စဲစဉ်က သဘောတူညီချက်များအရဖြစ်သည်ဟု ဆိုသည်။
ရိုမန် အဗရာမိုဗစ်ခ်ျနှင့် ဇူကိုဗာတို့တွင် သားသမီး ၂ ဦး ထွန်းကားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)