ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကမ္ဘာကျော် မော်ဒယ်လ် ကိုင်လီဂျင်းနာသည် လက်ရှိနေထိုင်လျက်ရှိသော အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ ၊ ဟိုက်ဒန်းဟေးလ်အရပ်ရှိ နေအိမ်နှင့် ဘေးချင်းကပ်လျက်နေအိမ်ကို ဝယ်ယူပြီး ၁၀ လအကြာတွင် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်လာသည်။
ထို့ကြောင့် သင့်အနေဖြင့် ဒေါ်လာသန်းအနည်းငယ်မျှ သုံးစွဲရုံဖြင့် ကိုင်လီဂျင်းနာနှင့် အိမ်နီးချင်းအဖြစ် နေထိုင်နိုင်မည့် အခွင့်အလမ်း လည်း ဖြစ်သည်။
ကိုင်လီဂျင်းနာသည် အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ (ဖြစ်လုဆဲ) တစ်ဦးလည်း ဖြစ်သည်။
ဈေးကွက်တင်သည့်နေအိမ်တွင် လက်ရှိအားဖြင့် လူနေထိုင်မှုမရှိဘဲ ခြံအကျယ်အဝန်းမှာ ၁ ဒသမ ၅ ဧကရှိပြီး ကိုင်လီဂျင်းနာ၏ လက်ရှိ နေအိမ်နှင့် ကပ်လျက်တည်ရှိသည်။
ယခုဈေးကွက်တင်လာသည်မှာ ကန်ဒေါ်လာ ၅ ဒသမ ၅၅ သန်းဖြစ်ရာ လွန်ခဲ့သော ၁၀ လခန့်က ဝယ်ယူခဲ့သည့်ဈေးနှုန်းထက် ကန်ဒေါ်လာ ၅၅၀၀၀၀ ဈေးတင်ထားခြင်းလည်း ဖြစ်သည်။
အဆိုပါခြံကို ဝယ်ယူခဲ့စဉ်က ကိုင်လီဂျင်းနာ ရည်ရွယ်ခဲ့သည်မှာ ပန်းဥယျာဉ်တစ်ခုနှင့် မြင်းများအတွက် စပါးကျီတစ်ခု ဆောက်လုပ်ရန် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ကူးပြောင်းသွားခြင်း ဖြစ်သည်။
ကိုင်လီဂျင်းနာက သူ၏ ပထမဆုံးရင်သွေးဖြစ်သော စတိုမီအမည်ရှိ သမီးငယ်ကလေးကို ကိုယ်ဝန်ဆောင်ထားစဉ်ကာလအတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကိုင်လီဂျင်းနာနှင့် သူ၏ချစ်သူ ရက်ပ်အဆိုတော် ထရာဗစ် စကော့ထ်တို့၏ သမီးဦးကို ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ကိုယ်အလေးချိန် ၈ ပေါင်နှင့် ၉ အောင်စရှိခဲ့သည်။
ကိုင်လီဂျင်းနာသည် Hidden Hills အရပ်တွင် နေအိမ် အနည်းဆုံး ၄ လုံးခန့်အထိ ပိုင်ဆိုင်ခဲ့သည်။
ပြီးခဲ့သောနှစ်အတွင်းတွင်မူ Hidden Hills ရှိနေအိမ်များကို တစ်ဝက်ခန့် ရောင်းထုတ်ခဲ့ပြီး ယခုအခါ ၂ လုံးသာ ပိုင်ဆိုင်တော့သည်။
သူ၏ ပင်မနေအိမ်မှာ စတုရန်းပေ ၁၃၀၀၀ ခန့်ကျယ်ဝန်းပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ကန်ဒေါ်လာ ၁၂ သန်းကျော်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါနေအိမ်တွင် အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၁၁ ခန်း ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)