ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ရှိ ကမ္ဘာကျော် Time Square တွင် နှစ်ပေါင်း ၃၀ ကျော်ပိတ်သိမ်းထားသော ကဇာတ်ရုံကြီးကို လက်လီဈေးဝယ်စင်တာနှင့် ဖျော်ဖြေရေးနေရာကြီးအဖြစ် ပြန်လည်မွမ်းမံတည်ဆောက်တော့မည်ဖြစ်သည်။
နယူးယောက်အခြေစိုက် dveloper ဖြစ်သော Stillman Development International LLC က နယူးယောက်မြို့  ၊ အနောက် ၄၂ လမ်းရှိ Time Square Theater ကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ၇၃ နှစ် အငှားစာချုပ်ချုပ်ဆိုကာ ငှားရမ်းလိုက်ခြင်းလည်း ဖြစ်သည်။
Time Square Theater ကို ၁၉၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ဖလောရင့်စ် ရိဒ် ပါဝင်သရုပ်ဆောင်ခဲ့သည့် The Mirage ကဇာတ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်တို့ စုစည်းရာဗဟိုချက်သဖွယ်ဖြစ်ခဲ့ပြီး ၂၀ ရာစုနှောင်းပိုင်းခန့်အထိ လည်ပတ်ခဲ့ သည်။
Stillman က ရည်ရွယ်ထားသည်မှာ Time Square Theater ၏ သမိုင်းဝင်ဗိသုကာလက်ရာများအပြင် မွမ်းမံပြင်ဆင်မှုများလည်း ပြုလုပ်ကာ ကမ္ဘာကျော်လက်လီအရောင်းဆိုင်အမှတ်တံဆိပ်များအား အငှားချထားကာ ဖျော်ဖြေရေးနှင့် တွဲဖက်ဆွဲဆောင်ရန် ဖြစ်သည်။
Stillman က ယခုစီမံကိန်းကို တောင်ကိုရီးယားမှာ Daishin Securities Co., နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
သမိုင်းဝင်အမွေအနှစ်များ မွမ်းမံထိန်းသိမ်းရေးဆိုင်ရာဘက်တွင် ကျွမ်းကျင်သည့်ဗိသုကာနှင့် ဒီဇိုင်းကုမ္ပဏီဖြစ်သော Beyer Blinder Belle ကို ငှားရမ်းထားသည်။
ပြန်လည်မွမ်းမံရန် စီစဉ်ထားသည်များအနက် ထုံးကျောက်ဖြင့် အလှဆင်ထားသော မူရင်းရှေ့မျက်နှာစာကို ၅ ပေခန့် မြှင့်တင်ကာ မြေညီထပ်၏ မျက်နှာကြက်များကို ပိုမိုမြင့်မားအောင်ပြုလုပ်ခြင်း၊ ဒုတိယထပ်၏ မျက်နှာစာခန်းဖွဲ့ တိုင်တန်းများကို ၄၂ လမ်းအား စိုးမိုးရှုမြင်နေရမည့် မှန်များဖြင့် နှစ်ထပ်စာ box ဖွဲ့ကာရံခြင်းတို့လည်း ပါဝင်မည်ဖြစ်သည်။
ပြန်လည်ပြုပြင်မွမ်းမံမှုများကို ယခုနှစ်အတွင်း စတင်ရန် စီစဉ်ထားပြီး နှစ်နှစ်အတွင်း အပြီးသတ်မွမ်းမံသွားမည် ဖြစ်သည်။
အဆိုပါ မှန် box နေရာတွင် ကမ္ဘာကျော်ကုမ္ပဏီကြီးများဖြစ်သော Apple Inc., Amazon.com နှင့် Coca-Cola တို့ ရုံးခန်းများ လာရောက်ဖွင့်လှစ်ကြမည်ဟု developer က မျှော်လင့်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)