ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အစိုးရဌာနတွေကနေ ထုတ်ပေးနေတဲ့ ခွင့်ပြုမိန့်၊ ပါမစ်စတဲ့ လုပ်ငန်းစဉ်တွေကို စံလုပ်ထုံးလုပ်နည်း(SOP)တွေ ရေးဆွဲပြီး တစ်နေရာတည်းမှာ ဆောင်ရွက်နိုင်ဖို့ Single Window စနစ်ကို မကြာခင် အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၁၉)ရက်နေ့ ပြည်ထောင်စုလွှတ်တောအစည်းအဝေးမှာ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်နဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြချိန်မှာ အခုလိုပြောသွားတာ ဖြစ်ပါတယ်။ ဦးကျော်တင့်ဆွေက ‘ ဌာနအသီးသီးက ထုတ်ပေးလျက်ရှိတဲ့ ခွင့်ပြုမိန့် ပါမစ်စသည်တို့အတွက် စံလုပ်ထုံးလုပ်နည်း(SOP)များ ရေးဆွဲပြီး တစ်နေရာတည်းမှာ လာရောက် လျှောက်ထားရယူနိုင်တဲ့ Single Window စနစ်ကိုလဲ မကြာမီမှာ အကောင်အထည်ဖော်နိုင်တော့မယ်လို့ သိရပါတယ်၊ အခုဆိုရင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်မယ့် ကုမ္ပဏီများ ဥပဒေအသစ်ကိုလဲ ပြဋ္ဌာန်းပြီးဖြစ်တဲ့အပြင် ကုမ္ပဏီများ မှတ်ပုံတင်ရာမှာလဲ သက်ဆိုင်ရာ ဌာနတွေကို လာရောက်စရာမလိုဘဲ အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ် ‘ လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ ပြည်သူတွေအနေနဲ့ အစိုးရဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အဆင့်ဆင့် သွားနေရတာကြောင့် လုပ်ငန်းမြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်ခြင်းမရှိဘဲ အချိန်တွေ ကြန့်ကြာလျက် ရှိပါတယ်။ အခုလို Single Window စနစ်ကို ကျင့်သုံးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်က သတ်မှတ်တဲ့ Ease of Doing Business Index တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ Ease of Doing Business Inde ရဲ့ အဆင့်ဟာ (၁၇၁)ရှိနေပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ အဆင့် (၁၀၀)အတွင်းသို့ ရောက်ရှိအောင် သက်ဆိုင်ရာဌာနတွေကနေ အခြေခံပြီး ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလို အဆင့်လျော့ကျအောင် လုပ်ဆောင်တာဟာ သတ်မှတ်အဆင့်မြင့်တက်ဖို့သက်သက်မဟုတ်ဘဲ ဌာနဆိုင်ရာတွေရဲ့ အသားကျနေတဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြောင်းလဲဖို့၊ အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ကြိုးနီစနစ်ထူပြောခြင်း၊ အဂတိလိုက်စားမှုမြင့်မားခြင်းနဲ့ လက်ရှိ နိုင်ငံတော်အစိုးရရဲ့ မူဝါဒရည်မှန်းချက်တွေနဲ့ ဌာနတွေရဲ့ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်မှု မကိုက်ညီခြင်းတွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲပေးနိုင်မှာ ဖြစ်တယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။ အခုလို ဆောင်ရွက်နိုင်မယ်ဆိုရင် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး၊ စီးပွားရေးကဏ္ဍရဲ့ အဓိက မောင်းနှင်အားတွေတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိစေရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းတွေလည်း တစ်ဖက်ကနေ ဖော်ဆောင်နိုင်မယ်လို့ သိရပါတယ်။
ကုန်သွယ်လိုငွေလျှော့ချရေး
ကုန်သွယ်မှု လိုငွေလျှော့ချနိုင်ရေးကိုလည်း အစိုးရအနေနဲ့ ပြည်တွင်း စီးပွားရေး ဖွဲ့စည်းတည်ဆောက်မှု မှန်ကန်ခိုင်မာပြီး သက်ရောက်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိစေဖို့ အစိုးရအနေနဲ့ ပုဂ္ဂလိက ကဏ္ဍက သက်ဆိုင်သူတွေနဲ့ ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။ ဦးကျော်တင့်ဆွေက ‘ မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်ခြင်းကို လေ့လာကြည့်ရင် ပြင်ပသက်ရောက်မှုက စတင်ပေမဲ့ ပြည်တွင်း အခြေအနေမှာ စီးပွားရေးအခြေအနေမညီမျှမှု ပြဿနာတွေနဲ့ စီးပွားရေးနဲ့ ပက်သက်တဲ့ အခြေခံအားနည်းချက်တွေရှိနေတယ်လို့ ဆိုနိုင်ပါတယ် ‘ လို့ ပြောပါတယ်။
ကုန်သွယ်မှုလိုငွေဟာ ပြီးခဲ့တဲ့ (၂၀၁၇-၂၀၁၈)ဘဏ္ဍနှစ်က အမေရိကန်ဒေါ်လာ (၃.၈)ဘီလျံရှိခဲ့ပြီး (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုလိုငွေဟာ အမေရိကန်ဒေါ်လာ (၅.၂)ဘီလျံ ရှိပါတယ်။
Credit: The Modern