ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မန္တလေး အိမ်ခြံမြေ ရောင်းဝယ်ငှားဈေးကွက်မှာ သည်လပိုင်း အရောင်းအဝယ်ထက် အငှားတွေ ပိုမို အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။
သည်ရက်ပိုင်းကတော့ အဝယ်ထက် အငှားက အရင်ရက်ထက်စာရင် နည်းနည်းလေး ပိုအလုပ်ဖြစ်လာတယ်၊ သည်နှစ်တော့ အငှားတွေ ပိုအလုပ်ဖြစ်တယ် ပြောရမယ်၊ ကြိုပွိုင့်တွေ အလုပ်ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။ သည်နှစ်ဟာ အရင်နှစ်ကထက်စာရင် အငှားသွက်သလို ဈေးနှုန်းလည်း မြင့်မားတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့ဆီက သိရပါတယ်။ အိမ်ပိုင်ရှင်က အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှ စကာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ လျှောက်ထားပြုလုပ်ဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာချက်ထုတ်ပြန်ထားတယ်။ အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ပြုလုပ်ရမှာဖြစ်ပြီး အဲသည့်လိုင်စင်အတွက် ပေးဆောင်ရမယ့် နှုန်းထားက ငှားရမ်းခရဲ့ (၅)ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဆိုပါ လိုင်စင်ကြေးကြောင့်လည်း ယခုနှစ်အတွက် အိမ်ငှားရမ်းခနှုန်းထားဟာ အရင်နှစ်တွေနဲ့စာရင် ငှားရမ်းခ အနည်းငယ် မြင့်မားစေတာလို့ အကျိုးဆောင်အချို့က ပြောပါတယ်။
အရင်နှစ်က တစ်လငှားရမ်းခ သိန်း (၂၀)၊ တစ်နှစ် ငှားရမ်းခ သိန်း (၂၄၀)ခန့် ကျသင့်တဲ့ မြေဟာ ယခုနှစ်မှာ တစ်လ ငှားရမ်းခ ကျပ်သိန်း (၃၀)၊ တစ်နှစ် ငှားရမ်းခ ကျပ်သိန်း (၃၆၀)ခန့် ရှိတယ်။ လိုင်စင်ကြေး အကြောင်းပြတိုးမြှင့်တောင်းခံမှုကြောင့် အခုလို မြင့်တက်လာတာလို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
မန္တလေးမြို့တွင်း အိမ်ခြံမြေအငှားဈေးကွက်မှာ အိမ်ခြံမြေငှားရမ်းခနှုန်းထားတွေဟာ အချို့နေရာတွေမှာ (၅)နှစ်အတွင်း (၈)ဆခန့် မြင့်တက်လာတယ်လို့ အကျိုးဆောင်အချို့ဆီက သိရပါတယ်။ အကွက်အကွင်းကောင်းမွန်ပြီး ကားရှိုးရွမ်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်စသဖြင့် စီးပွားရေးအရ လုပ်ကိုင်လို့ အဆင်ပြေတဲ့ အချက်အချာနေရာတွေရှိ နေရာကျယ်ဝန်းတဲ့ အိမ်ခြံမြေငှားရမ်းခနှုန်းထားတွေက အများဆုံး ဈေးတက်လာတာပါ။
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်ဖို့ အဆင်ပြေတဲ့ (၂၆)လမ်းမေးတင် မြေကွက်အကျယ်တစ်ခုရဲ့ မြေနေရာ ငှားရမ်းခဟာ (၂၀၁၂)ခုနှစ်က တစ်လငှားရမ်းခ ကျပ် (၈)သိန်းသာ ပေါက်ဈေးရှိရာကနေ ယခုနှစ်မှာ ကျပ်သိန်း (၆၀)ခန့်အထိ ဖြစ်လာပါတယ်။ ထို့အတူ (၆၆)လမ်းပေါ်က တစ်လ ငှားရမ်းခ ကျပ် (၁၀)သိန်းခန့် ပေါက်ဈေးရှိတဲ့ နေရာက သည်နှစ်မှာ ငှားရမ်းခ ကျပ်သိန်း (၈၀)ကျော်အထိ ဈေးတိုးတောင်းနေတယ်လို့ သိရပါတယ်။
အငှားဈေးကွက်မှာ ဈေးကွက်လိုအပ်ချက် မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနဲ့ အိမ်ခြံမြေဈေး အဆမတန် မြင့်တက်မှုတွေကြောင့် (၅)နှစ်အတွင်း ယခုလောက်အထိ အငှားဈေးမြင့်တက်လာတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ်။ နေရာရှားပါး ဈေးနှုန်းကြီးမြင့်နေချိန်မှာ နေရခိုင်မာဖို့အတွက် အနည်းဆုံး (၅)နှစ်မှ (၁၀)နှစ် သက်တမ်းအထိရှိတဲ့ ငှားရမ်းစာချုပ်တွေနဲ့ နှစ်ရှည်ချုပ်ဆို ငှားရမ်းသလို ငှားရမ်းခနှုန်းထားပေါ်လည်း နှစ်ဦးနှစ်ဖက် အဆင်ပြေစေတဲ့ ဈေးနှုန်းကို နှစ်ရှည်အတွက် တစ်ပါတည်း သတ်မှတ်ချုပ်ဆိုလာတာ တွေ့ရတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ်။
မန္တလေးအိမ်ခြံမြေဆိုင်ခန်း အငှားဈေးကွက်မှာ (၂၆)လမ်းကနေ (၃၅)လမ်းအထိ၊ လမ်း(၈၀)နဲ့ (၈၄)လမ်းကြား ဧရိယာကို ဇုန်(A) ၊ (၇၈)လမ်းနဲ့ (၇၃)လမ်းကြား ဧရိယာကို ဇုန်(B) ၊ (၇၂)လမ်းကနေ (၆၂)လမ်းအထိ ဧရိယာကို ဇုန်(C) နဲ့ မြို့သစ် ဧရိယာတွေကို ဇုန်(D) အဖြစ် သတ်မှတ်ပါတယ်။
အဲသည်ထဲမှာ ဇုန်(A) ရဲ့ အိမ်ခြံမြေဆိုင်ခန်း ငှားရမ်းခနှုန်းဟာ အမြင့်ဆုံးဖြစ်ပြီး မျက်နှာစာပေအကျယ်အဝန်း၊ အဆောက်အအုံပေါ် မူတည်ကာ တစ်လ ငှားရမ်းခ ကျပ် (၁၂)သိန်းခန့်ကနေ သိန်း (၂၀၀)ကျော်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
Credit: The Modern