ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မကြာသေးမီကာလများ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ စံချိန်တင် ထိုးတက်လျက်ရှိကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံနှင့် အိမ်ခြံမြေအထွေထွေဝန်ဆောင်မှုကုမ္ပဏီ REINS မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။
ပြီးခဲ့သော သြဂုတ်လအတွင်း တိုကျိုမြို့လယ်တွင် လူနေပြီးနေအိမ်ပေါင်း ၂၃၀၃ အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြီးခဲ့သော ၂၀၁၇ ခုနှစ်ကထက် ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ ယန်းငွေ ၃၃၁၈၀၀၀၀ ဖြစ်ရာ ယခင် ၂၀၁၇ ခုနှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
တစ်စတုရန်းပေ ပျှမ်းမျှပေါက်ဈေးမှာ ယန်းငွေ ၅၂၁၀၀၀ ဖြစ်ရာ ပြီးခဲ့သောနှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာသည်။
ယခု စက်တင်ဘာလဆိုလျှင် တိုကျိုတွင် အိမ်ခြံမြေဈေးများ မြင့်တက်နေသည်မှာ ၆၈ လမြောက် ရှိခဲ့ပြီ ဖြစ်သည်။
တိုကျိုရှိ မြို့နယ်များအတွင်း လူနေပြီး လူနေခန်းပေါင်း ၁၁၈၆ အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြီးခဲ့သောနှစ် သြဂုတ်လထက် ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်မားသည်။
တိုကျိုရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင် ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာ တစ်စတုရန်းမီတာလျှင် ယန်းငွေ ၇၆၄၀၀၀ ဖြစ်ပြီး ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း မြင့်တက်လာသည်။
တိုကျို၏ အချက်အခြာကျသော ချီယိုဒါ၊ ချူယိုနှင့် မီနာတို ရပ်ကွက်တို့တွင် ရောင်းချခဲ့သည့် အိမ်ခြံမြေတို့၏ ပျှမ်းမျှပေါက်ဈေးမှာ ယန်းငွေ ၆၆၇၉၀၀၀၀ ဖြစ်ပြီး ပြီးခဲ့သောနှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။
အဆိုပါရပ်ကွက်တို့၏ တစ်စတုရန်းမီတာ ပေါက်ဈေးမျာ ယန်းငွေ ၁၁၉၃၇၀၀ ဖြစ်ကာ ၂၀၁၇ ခုနှစ်ကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)