ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းတင်းကျပ်မှုများ ဇူလိုင် ၆ က စတင်အာဏာသက်ရောက်ခဲ့ပြီးနောက် သြဂုတ်လ၏ပုဂ္ဂလိကအိမ်သစ်ရောင်းအားသည် လအလိုက်ရော နှစ်အလိုက်တွင်ပါ သိသိသာသာကျဆင်းခဲ့ကြောင်း စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှရုပ်သံလိုင်း Channel News Asia ၏ သတင်းတစ်ရပ်၌ ဖော်ပြခဲ့သည်။
Developer (မြေယာဝယ်ယူ၍ ဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များသည် ပြီးခဲ့သည့်လအတွင်း Executive Condominium (အများပြည်သူ (အစိုးရ) နှင့် ပုဂ္ဂလိကဖက်စပ်အိမ်ရာ) များမှအပ ပုဂ္ဂလိကအိမ်ခန်းသစ် ၆၁၆ ခန်း ရောင်းချခဲ့ရကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) မှ စက်တင်ဘာ ၁၇ တွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများအရ သိရသည်။
ယင်းသည် စည်းမျဉ်းသစ်များ အာဏာမသက်ရောက်မီ ဇူလိုင် ၅ ညနေတွင် ဝယ်လက်များက ပုဂ္ဂလိကအိမ်ခန်းများ အလျင်အမြန်ဝယ်ယူခဲ့ကြသည့် ဇူလိုင်လရောင်းအား ၁,၇၂၄ ခန်းအောက် ၆၄ ဒသမ ၃ ရာခိုင်နှုန်း ထိုးကျခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ် သြဂုတ်၏ ရောင်းအား ၁,၂၄၆ ခန်းအောက် ၅၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးအလို့ငှာ စင်္ကာပူအစိုးရက အိမ်ခြံမြေထပ်ဆောင်းဝယ်ယူသူများအတွက် တံဆိပ်ခေါင်းခွန်အား တိုးမြှင့်ခြင်းနှင့် လူနေအိမ်ခြံမြေဝယ်ယူမှုဆိုင်ရာ ချေးငွေခွင့်ပြုမှုပမာဏအား တင်းကျပ်ခြင်းတို့ကို ဇူလိုင် ၆ တွင် စတင်မည်ဖြစ်ကြောင်း ဇူလိုင် ၅ တွင် ကြေညာခဲ့သည်။
Executive Condominium (အများပြည်သူ (အစိုးရ) နှင့် ပုဂ္ဂလိကဖက်စပ်အိမ်ရာ) များကိုပါ ထည့်တွက်ပါမူ Developer များသည် သြဂုတ်အတွင်း ၆၃၉ ခန်း၊ ဇူလိုင်လက ၁,၇၇၆ ခန်းနှင့် ၂၀၁၇ သြဂုတ်လက ၁,၅၈၇ ခန်း ရောင်းချခဲ့ရကြောင်း သိရသည်။
သြဂုတ်လ ပုဂ္ဂလိကအိမ်သစ်ရောင်းအားသည် ပြီးခဲ့သည့် ၆ လအတွင်း အနည်းဆုံး ဖြစ်ကြောင်း PropNex Realty အိမ်ခြံမြေကုမ္ပဏီကလည်း ထုတ်ပြန်ခဲ့သည်။
"သြဂုတ်လရောင်းအား ထိုးကျသွားတာဟာ အိမ်ခြံမြေစည်းမျဉ်းသစ်စတင်ပြီးနောက် ပထမဆုံးလ၊ ဝယ်လက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အနာဂတ်ဈေးနှုန်းအလားအလာကို နားလည်ဖို့ ကြိုးစားနေကြရတဲ့ အချိန်မို့လို့ပါ။" ဟု PropNex Realty ၏ အမှုဆောင်အရာရှိချုပ် အစ္စမေးလ်ဂါဖိုးက ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ Mayfair Gardens နှင့် JadeScape ကွန်ဒိုစီမံကိန်းတို့ ဈေးကွက်ထဲဝင်ရောက်လာမှုကြောင့် စက်တင်ဘာရောင်းအား ၈၀၀ ခန်း ရှိလာနိုင်ပြီး ရောင်းအား ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း သူက ခန့်မှန်းခဲ့သည်။
သြဂုတ်တွင် ရောင်းအားအကောင်းဆုံးပုဂ္ဂလိကကွန်ဒိုမှာ The Tre Ver ဖြစ်ပြီး စုစုပေါင်း ရောင်းချမည့် ၂၀၀ ခန်းအနက် ၁ စတုရန်းပေလျှင် ဒေါ်လာ ၁,၅၅၁ ပျမ်းမျှဈေးနှုန်းဖြင့် ၁၆၄ ခန်း ရောင်းချခဲ့ရောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com