ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကမ္ဘာကျော်လည်သာအိတ်များဖြစ်သည့် Ghurka ကို ထုတ်လုပ်သူ မာလေဟော့ဆန်က အမေရိ ကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဧကပေါင်း ၂၅၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၈ ဒသမ ၂၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ကော်လိုရာဒိုပြည်နယ်၊ ဂန်နစ်ဆင် မြစ်ကြီးနံဘေး တွင်တည်ရှိပြီး ဒယ်လ်တာခရိုင်၊ ကရောဖို့ဒ်မြို့ပိုင်နက်အတွင်း ဖြစ်ကာ ရော့ကီးတောင်တန်းကြီးပေါ်ရှိ တောင်ပေါ်သတ္တုတွင်း မြို့ကလေးများဖြစ်သော Aspen နှင့်Telluride မြို့များအကြား ဖြစ်သည်။
Smith Fork မွေးမြူရေးခြံဟု အမည်ပေးထားပြီး သစ်လုံးအိမ် ၃ လုံး ဧည့်သည်များ တည်ခိုရန် အိမ် ၂ လုံးတို့ ပါဝင်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၇၂၀၀ တွင် တည်ရှိပြီး ရော့ကီးတောင်တန်းကြီး၏ အလှကို မျက်စေ့ တစ်ဆုံး ရှုမျှော်ခံစားနိုင်သည် ။
မူလက မွေးမြူရေးခြံ ၂ ခုဖြစ်ပြီး ၁၉၂၈ ခုနှစ်တွင် တစ်ခြံတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။ ကြီးမား သည့် ၀ိုင်သိုလှောင်ခန်းတစ်ခုလည်း ပါဝင်ပြီး ကမ္ဘာတစ်ဝန်းမှ နာမည်ကျော် ၀ိုင်ပုလင်းပေါင်း ၄၀၀ ကျော် သိမ်းဆည်းထား ရှိသည်။ ကျယ်ဝန်းလှသည့် မွေးမြူရေးခြံကြီးအတွင်း မိုင် ၁၅၀ ကျော်ရှည်လျားသော မြင်းစီးလမ်းလည်း ပါဝင်သည်။
Greenhouse ပျိုးတဲတစ်ခုပါဝင်ပြီး ဆေးဘက်ဝင် အပင်၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပင် မျိုးစိတ် ၈၀ ကျော် စိုက်ပျိုးထားသည်။
ဂန်နစ်ဆင်မြစ်ကြီး၏ ချောင်းလက်တက်တစ်ခုဖြစ်သော Smith Fork မှာမွေးမြူရေးခြံမြေတွင် ၃ မိုင်ခန့် ဖြတ်သန်းစီးဆင်းနေရာ ကိုယ်ပိုင်ချောင်းငယ်အဖြစ် တည်ရှိနေသည် ။
ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com