ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည် ရှန်ဟိုင်း၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော Greenland Group သည် တရုတ်ပြည်၊ ဆူးကျိုးပြည်နယ်တွင် နည်းပညာမြင့်မြို့တော်သစ်ကြီး ဆောက်လုပ်ရေး၌ အိမ်ခြံမြေစီမံကိန်းများစွာကို ယွမ်ငွေ ၁၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။
Greenland Group သည် ဆူးကျိုးပြည်နယ်၊ ဝူကျန်းမြို့တွင် အကောင်အထည်ဖော်မည့် နည်းပညာမြင့်မြို့တော်ကြီး၌ ယွမ်ငွေ ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၄ ဒသမ ၅၅ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံရန်အတွက် ဆူးကျိုးပြည်နယ်အစိုးရအဖွဲ့နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးလိုက်သည်ဟု ဆိုသည်။
ဆူးကျိုးပြည်နယ်အစိုးရအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်အရ Greenland Group သည် ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ လူပေါင်း ၁၁ သန်းခန့် နေထိုင်နိုင်မည့် နည်းပညာမြင့်မြို့တော်သစ်ကြီးကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Greenland Group သည် မကြာသေးမီနှစ်ကာလများအတွင်း တရုတ်ပြည်မကြီးရှိ ပြည်နယ်များစွာတွင် လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နည်းပညာမြင့်မြို့တော်များ၌ အရှိန်အဟုန်ဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာသည့် ကုမ္ပဏီကြီးလည်း ဖြစ်သည်။
Greenland Group က AI နည်းပညာ (artificial intelligence)၊ life sciences နှင့် အခြားနည်းပညာများ များစွာအသုံးပြုမည့် မြို့တော်သစ်စီမံကိန်းအတွက် DeepBlue Technology ကုမ္ပဏီကို ဖိတ်ခေါ်ထားသည့်အပြင် တရုတ်သိပ္ပံအကယ်ဒမီကိုလည်း ဘုတ်အဖွဲ့တွင် ထည့်သွင်းထားသည်။
Greenland နှင့် DeepBlue တို့ ပူးပေါင်းကာ Greenland DeepBlue Robot Technology Ltd. ကို တည်ထောင်သွားမည်ဖြစ်ပြီး စက်ရုပ်များ၊ AI furnishings များ ထုတ်လုပ်သွားမည်ဖြစ်ပြီး ထောက်ပံ့ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့အတွက်လည်း အလိုအလျောက်အဖြေရှာနိုင်မည့်နည်းလမ်းများ ဖော်ထုတ်သွားနိုင်ရန် ရည်မှန်းထားသည်။
နည်းပညာမြင့်မြို့တော်ကြီးသည် ရှန်ဟိုင်းမှ မိနစ် ၃၀ ခရီးအောက်သာ ဝေးကွာပြီး စီမံကိန်းမြေအကျယ်အဝန်း စတုရန်းပေ ၄ သန်းအတွင်း မြန်နှုန်းမြင့်ရထားများလည်း ဖြန့်ကျက်ပြေးဆွဲပေးဖြစ်ကာ ဆောက်လုပ်ရေးကြမ်းခင်းဧရိယာစုစုပေါင်းမှာ စတုရန်းမီတာ ၅ သန်းခန့်ရှိသည်ဟု ဆိုသည်။
Greenland သည် နည်းပညာမြင့်မြို့တော်သစ်ကြီးအပြင် ဆူးကျိုး၏ အခြားသော မြန်နှုန်းမြင့် ဘူတာရုံ ၃ ခု၏ အနီးဝန်းကျင်ရှိ လူနေအိမ်ရာစီမံကိန်းများတွင်လည်း ယွမ်ငွေ ၅၀ ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)