ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တရုတ်ပြည်မကြီးအခြေစိုက် ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီနှင့် လုပ်ငန်းစုံကုမ္ပဏီကြီး China Poly Group Corporation သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဒေါ်လာ သန်း ၃၀၀ တန် ရုံးခန်းတာဝါကြီး စတင်ဆောက်လုပ်ရန်အတွက် သြစတေးလျ ဆောက်လုပ်ရေး ကုမ္ပဏီကိုငှားရမ်းလိုက်ပြီ ဖြစ်သည်။
စီမံကိန်းတည်နေရာမှာ ဆစ်ဒနီမြို့၏ အထင်ကရဖြစ်သော Circular Quay အရပ်၊ ဂျော့ခ်ျလမ်း၊ အမှတ် ၂၁၀-၂၂၀ တွင် တည်ရှိပြီး သြစတေးလျဆောက်လုပ်ရေးကုမ္ပဏီ Watpac က တာဝန်ယူဆောက်လုပ်တော့မည် ဖြစ်သည်။
ယင်းစီမံကိန်းသည် Poly Group အတွက် သြစတေးလျတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပထမဆုံးအဆောက်အအုံလည်း ဖြစ်သည်။
စီမံကိန်းနေရာရှိ သက်တမ်းရင့်ရုံးခန်းအဆောက်အအုံ ၂ လုံးကို သြစတေးလျဒေါ်လာ သန်း ၁၆၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂ နှစ်ကျော် အကြာ တွင် ဆောက်လုပ်ရေးစီမံကိန်းများ စတင်ရန်ပြင်ဆင်လာခြင်း ဖြစ်သည်။
လန်ဒန်အခြေစိုက်ဗိသုကာအဖွဲ့ Grimshaw က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး A-grade စီမံကိန်းတစ်ခုဖြစ်သည်။အနီးတွင် Quay Quarter တာဝါနှင့် Lendlease’s Circular Quay တာဝါတို့ တည်ရှိနေသည်။
ပြည်မကြီးထိပ်တန်း developer ဖြစ်သော Dalian Wanda Group က Yuhu Group သို့ ရောင်းချခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သော One Circular Quay နှင့်လည်း ခြေလျင် ၂ မိနစ်ခရီးသာ ဝေးကွာသည်။
Poly Group က ဆောက်လုပ်မည့် ရုံခန်းအဆောက်အအုံကြီးတွင် ရုံးခန်းနေရာ ၁၆၀၀၀ စတုရန်းမီတာ၊ ဂျော့ခ်ျလမ်းသို့ မျက်နှာမူသည့် လက်လီအရောင်းဆိုင်နေရာများအတွက် စတုရန်းမီတာ ၁၀၀၀ တို့ ပါဝင်မည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)