ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာကျော် ဂျာမနီဘဏ္ဍာရေးကုမ္ပဏီကြီး Allianz သည် တရုတ်ပြည် ရှန်ဟိုင်းမြို့ရှိ ရုံးအဆောက်အအုံကြီးကို စင်္ကာပူကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Allianz သည် စင်္ကာပူအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီး Keppel Corporation ၏ ကုမ္ပဏီခွဲဖြစ်သော Alpha Asia Macro Trends Fund III အပြင် အခြား အမည်မဖော်ပြသည့် ကုမ္ပဏီတစ်ခုတို့နှင့် ပူးပေါင်းကာ ရှန်ဟိုင်းမြို့မြောက်ပိုင်းရှိ ရုံးအဆောက်အအုံကြီးကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
Allianz နှင့် Keppel Corporation တို့က ရှန်ဟိုင်းမြို့၊ Bay Valley Business Park တွင် Grade A အဆင့်ရှိ ရုံးခန်း အဆောက်အအုံကြီးဖြစ်သော Bay Valley C6 ကို CITIC Capital ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Keppel Corporation ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုအရောင်းအဝယ်အား အတွင်းကျကျသိရှိသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားရာတွင် စတုရန်းပေ ၁၉၇၆၈ အကျယ်အဝန်း ရှိသည့် အဆောက်အအုံကြီးကို တစ်စတုရန်းပေလျှင် ယွမ်ငွေ ၂၈၅၀၀ (ကန်ဒေါ်လာ ၄၄၁၅၈) ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
Allianz က ၎င်း၏ Allianz Real Estate မှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၁၃ ထပ်မြင့်မားသည့် အဆိုပါအဆောက်အအုံကြီးအတွက် စုစုပေါင်း ကန်ဒေါ်လာ သန်း ၉၀ ခန့် ကုန်ကျခဲ့ရသည်ဟု ဆိုသည်။
ရောင်းချသူ CITIC Capital ဘက်မှ အကျိုးဆောင်ခဲ့သည်မှာ Cushman & Wakefield ကုမ္ပဏီ ဖြစ်သည်။
Keppel Corporation ၏ ထုတ်ပြန်ချက်အရ Alpha Asia Macro Trends Fund III ကုမ္ပဏီက ရှယ်ယာ ၄၈ ရာခိုင်နှုန်း၊ Allianz က ၄၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမည်မဖော်ပြသည့် အခြားရင်းနှီးမြှုပ်နှံသူက ၁၀ ဒသမ ၅ ရာခိုင်နှုန်းအသီးသီး ပိုင်ဆိုင်ကြမည်ဟု ဆိုသည်။
“အခု အရောင်းအဝယ်ဟာ တရုတ်ပြည်ရဲ့ စီးပွားရေးပုံစံသစ်ကို ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချဉ်းကပ်ပုံနဲ့ လိုက်လျောညီထွေရှိပါတယ်။ တရုတ်စီးပွားရေးဟာ ထုတ်ကုန်ဗဟိုပြုစီးပွားရေးကနေ ဝန်ဆောင်မှုအခြေပြုစီးပွားရေးဆီကို အောင်မြင်စွာ ပြောင်းလဲခဲ့တဲ့စီးပွားရေးဖြစ်ပါတယ်” ဟု Allianz Real Estate ၏ အာရှ-ပစိဖိတ်ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရပ်ရှ် ဒီဆိုင်းက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)