ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
သီရိမင်္ဂလာဈေးဟောင်းကိုပြန်ပြင်ပြီးပါက ဌားရမ်းခွင့်သက်တမ်းကျန်ရှိသူတွေကို နစ်နာမှုမရှိစေဖို့ စာချုပ်ပါစည်းကမ်းတွေအတိုင်း ပြန်လည်ညှိနှိုင်းမယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ သီရိမင်္ဂလာဈေးဟောင်းကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ပြင်ဆင်ပြီးပါက ဌားရမ်းခွင့်သက်တမ်းကျန်ရှိသူတွေကို နစ်နာမှုမရှိစေဖို့ မေးခွန်းကိုပြန်လည်ဖြေကြားစဉ်ပြောခဲ့တာပါ။
သီရိမင်္ဂလာဈေးဟောင်းကို၂၀၁၇ခုနှစ်သြဂုတ်လကအန္တရာယ်ရှိအဆောက်အအုံအဖြစ်ကြေညာထားတာဖြစ်ပါတယ်။
သီရိမင်္ဂလာဈေးဟောင်းမှာ လုပ်ငန်းလုပ်ကိုင်သူတွေကို အဌားချထားရာမှာ စာချုပ်နှစ်ကြိမ်ချုပ်ဆိုခဲ့ပြီး ၁၉၉၉ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၄ခုနှစ်ကနေ ၂၀၂၉ခုနှစ်ထိတစ်ကြိမ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ နိုင်ငံတကာအဆင့်မီအဆောက်အအုံကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန်တင်ဒါခေါ်ယူမှုမပြုဘဲ သိန်းကုဋေကုမ္ပဏီက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတာ သိရတယ်လို့ ဒေါ်စန္ဒာမင်းကဆိုပါတယ်။
မြို့တော်ဝန်ဦးမောင်မောင်စိုးကတော့ သီရိမင်္ဂလာဈေးဟောင်းနေရာကို ပြန်လည်ပြင်ဆင်ဖို့ အစီစဉ်မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်ထိ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ ကားအရောင်းအဝယ်လုပ်ငန်း၊ ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com