ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ဘက်၊ ကျူးဘားနိုင်ငံ၏ အရှေ့ဘက်၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသည့် ဒိုမီနီကန်နိုင်ငံ၏ တောင်ပိုင်းကမ်းခြေဒေသဖြစ်သော လော့စ်ဂွါရီကာနော့စ်အရပ်တွင် ဂျူလီယို ရောဘတ်တို ရာမီရက်ဇ် အက်ဘ်ရီယူး အမည်ရှိ အသက် ၃၈ နှစ်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် သားငယ် ၃ ဦးနှင့်အတူ နေအိမ်ဖျက်သိမ်းခံရသောကြောင့် စွန့်ပစ် ထားသည့် ကားတစ်စင်းအတွင်း နေထိုင်ရလျက်ရှိသည့်သတင်းမှာ ဒိုမီနီကန်တစ်နိုင်ငံလုံးကို ကိုင်လှုပ်လျက်ရှိနေသည့် သတင်းတစ်ရပ် ဖြစ်နေသည်။
လွန်ခဲ့သော ၆ လခန့်က ဂျူလီယိုသည် အလုပ်မှ အိမ်သို့ ပြန်ရောက်လာချိန်တွင် သူ၏နေအိမ်မှာ မြေတူးစက်ဖြင့် ဖြိုချခြင်းခံနေရသည်ကို တွေ့လိုက်ရသည်။
မြေပိုင်ရှင်ဖြစ်သူက ငွေကြေးအကျပ်အတည်းဖြစ်နေခြင်းကြောင့် မြေကွက်ကို ရောင်းချလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနောက် မျက်နှာဖုံးစွပ်၊ လက်နက်ကိုင် လူမိုက်များက ဂျူလီယိုတို့ သားအဖ ၄ ဦးကို ခြံဝန်းအတွင်းမှ ထွက်သွားရန် ခြိမ်းခြောက်မောင်းထုတ်ခဲ့ရာ သယ်ဆောင်နိုင်သမျှ ပစ္စည်းအချို့ကို သယ်ယူကာ ထွက်လာခဲ့ကြရသော်လည်း သွားစရာနေရာ မရှိခဲ့ကြ။
ထိုအချိန်မှ စတင်ပြီး ဂျူလီယိုတို့ သားအဖ ၄ ဦးသည် စွန့်ပစ်မော်တော်ကားစုတ်တစ်စင်းပေါ်တွင် နေထိုင်ခဲ့ကြရသည်မှာ ၆ လခန့်ကြာမြင့်ခဲ့ပြီး နေ့စဉ် အစားအစာအနည်းငယ်အတွက် ငွေရရှိရန် ၄ ဦးလုံး ကြမ်းတမ်းစွာရုန်းကန်ကြရသည်။
ယင်းသတင်းသည် ဒိုမီနီကန် အစိုးရအဖွဲ့အစည်းများ၊ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုကို ကိုင်လှုပ်ခဲ့ပြီး ဂျူလီယိုတို့ သားအဖ ၄ ဦးအပေါ် ကူညီထောက်ပံ့မှုများစွာ ပေးအပ်လာခဲ့ကြသည်။
ဂျူလီယိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် ဗွီဒီယိုဖိုင်မှာ ဒိုမီနီကန်လူမှုကွန်ရက်သုံးစွဲသူတို့အကြား တဟုန်ထိုးပြန့်နှံခဲ့ပြီး ဗွီဒီယိုဖိုင်အတွင်းတွင် ဂျူလီယိုတို့ မိသားစုပိုင်ပစ္စည်းပစ္စယများကို စွန့်ပစ်ထားသည့် မော်တော်ကားတစ်စင်းပေါ်တွင် စုပုံထားသိုကာ နေထိုင်ကြရလျက်ရှိပုံကို တွေ့ရသည်။
ဒိုမီနီကန် အမျိုးသား အိုးအိမ်အင်စတီကျုနှင့် သမ္မတ၏ သာယာဝပြောရေးစီမံကိန်းအရ ဂျူလီယိုတို့မိသားစုအတွက် နေအိမ်ငယ်တစ်လုံး ဆောက်လုပ်ပေးနေပြီး လက်ရှိအားဖြင့်မူ ဗီလာ ဂျူအာနာအရပ်ရှိ နေအိမ်တစ်လုံးတွင် အိမ်ငှားခမပေးရဘဲ နေထိုင်ခွင့်ပေးထားသည်။
အစိုးရအရာရှိများကလည်း အကူအညီပေးခြင်းများပြုလာရာ ဂျူလီယို၏ သားများကို ကျောင်းတစ်ခုတွင် စာသင်ကြားနိုင်ရန် စီစဉ်ပေးထားသည်။
ထို့အပြင် ဂီတလောကမှ အကျော်အမော်တို့ကလည်း အကူအညီပေးခြင်းများပြုလုပ်လာကြပြီး သားအဖ ၃ ဦးအိပ်စက်နိုင်ရန် ကုတင် ၃ လုံးလည်း လှူဒါန်းထားကြသည့်အပြင် စေတနာရှင်များစွာကလည်း အစားအစာများ၊ အဝတ်အထည်များ လှူဒါန်းလာကြသည်။
ဂျူလီယိုက အသက် ၃၈ နှစ်အရွယ်တွင် နောက်ဆုံးနေထိုင်ခဲ့သည့် သစ်သားအိမ်အိုတစ်လုံးပါ မြေကွက်နေရာကို ပီဆိုငွေ ၅၅၀၀၀ (ဒေါ်လာ ၁၁၀၃ ဒသမ ၉၇) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဂျူလီယိုနှင့် ညီ ၄ ဦးတို့က မိသားစုနေအိမ်ကို ရောင်းချလိုက်ပြီးနောက် ရရှိခဲ့သော ငွေများဖြင့် ဂျူလီယိုက ယခုမြေကွက်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းနောက်မကြာမီတွင် ဇနီးဖြစ်သူမှာ အသက် ၂၉ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့၏။
ဂျူလီယိုကို မြေကွက်ရောင်းချလိုက်သူ ဂျိုးဆက်ဖီနာ အိုလီဗာရက်စ်မှာ ဆိုးသွမ်းလှသော သားဖြစ်သူကြောင့် ငွေကြေးအလွန်ကြပ်တည်းလာသောကြောင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
ယင်းနောက် အိုလီဗာရက်စ်က ဒေသခံတစ်ဦးကို နောက်ကွယ်မှ ကြိုးကိုင်၍ ဂျူလီယိုနှင့် စီးပွားရေးဟန်ဆောင်လိမ်ညာပြုလုပ်စေခဲ့ပြီး မြေကွက်ကို အကြွေးဖြင့် ပြန်သိမ်းခဲ့ခြင်း ဖြစ်သည်။
ထိုနောက်ပိုင်း နေစရာမရှိတော့သော ဂျူလီယိုတို့ သားအဖများမှာ လမ်းပေါ်ရောက်ခဲ့ရသည်။
နောက်ပိုင်းတွင် မိတ်ဆွေတစ်ဦးက သူ၏ ကားဟောင်းတစ်စင်းကို နေစရာအဖြစ် အသုံးပြုရန် ပေးခဲ့ပြီး အခြားသူအချို့ကလည်း စားစရာများ ပေးအပ်ကူညီခြင်းများ ပြုလုပ်ခဲ့ရသည်။ ဒိုမီနီကန်အာဏာပိုင်တို့က အိုလီဗာရက်စ်ကို တရားစွဲဆိုမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)