ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
Rolling Stones သည် အင်္ဂလိပ် ရော့ခ်တီးဝိုင်းကြီးဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် လန်ဒန်၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စတင်ဖွဲ့စည်းခဲ့စဉ်က ပါဝင်ခဲ့သူများမှာ ဘရိုင်ယန်ဂျုံးစ် (ဂစ်တာ၊ ဟာမိုနီကာ) ၊ မစ်ခ်ဂျက်ဂါ (ရှေ့ထွက်အဆိုတော်) ၊ ကိတ်ရစ်ချတ် (ဂစ်တာ၊ နောက်ခံအဆို) ၊ ဘီလ် ဝိုင်မန်း (ဘေ့စ်ဂစ်တာ) ၊ ချာလီ ဝပ်စ် (ဒရမ်) နှင့် အီယန် စတီးဝပ် (ပီယာနို) တို့ ဖြစ်ကြသည်။
ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးက သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး အနုပညာရှင် ၁၀၀ စာရင်းတွင် Rolling Stones အဖွဲ့ကို စတုတ္ထနေရာတွင် ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ပေါင်းချပ်ရေ သန်း ၂၅၀ ကျော် ရောင်းချထားရပြီးဖြစ်သည်။
Rolling Stones သည် စတူဒီယိုတေးအယ်လ်ဘမ် ချပ်ရေ ၃၀၊ live show ၁၈ ခွေ နှင့် လူစုံခွေပေါင်းများစွာ ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။
ယခုအခါ Rolling Stones ၏ ဂစ်တာသမား ကိတ်ရစ်ချတ်က နယူးယောက်မြို့၏ နာမည်ကျော် ဂရင်းဝစ်ခ်ျ ကျေးရွာရှိ Penthouse ခန်းကို ဝယ်ဈေးအောက်အရှုံးခံရောင်းချလိုက်ပြီဖြစ်သည်။
အဆိုပါ Penthouse ခန်းမှာ အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရောင်းမထွက်ဘဲ ရှိခဲ့ရာမှ ယခုအခါ အရှုံးခံ၍ ရောင်းချလိုက်သောကြောင့် ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။
(ဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ (၁) https://www.imyanmarhouse.com/news/read/674696 (၂) https://www.imyanmarhouse.com/news/read/603391 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)
ရောင်းချလိုက်သောဈေးမှာ ခေါ်ဈေးအောက်လည်း ကန်ဒေါ်လာ ၂ သန်းခန့် နည်းပါးနေပြီး ကန်ဒေါ်လာ ၉ ဒသမ ၉၉၅ သန်းဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။
အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သော ကိတ်ရစ်ချတ်နှင့် အသက် ၆၂ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ပက်တီ ဟန်ဆန်တို့က အဆိုပါ Penthouse ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းရှိ အဆိုပါအခန်းကို ဝယ်ယူပြီး ၃ နှစ်အကြာတွင် ကန်ဒေါ်လာ ၁၁ ဒသမ ၉၉၅ သန်းဖြင့် ဈေးကွက်ပြန်တင်ခဲ့သည်။
ကိတ်ရစ်ချတ်နှင့် သူ၏တေးဂီတအဖွဲ့ကြီးသည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကပင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ တေးဂီတဖျော်ဖြေပွဲကြီး ကျင်းပခဲ့သေးသည်။
ဝယ်ယူရရှိမည့် ဝယ်လက်အနေဖြင့် ရော့ခ်ကြယ်ပွင့်ကြီးကဲ့သို့ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သည့် အဆိုပါအခန်းမှနေ၍ သက်ဝင်လှုပ်ရှားနေသော နယူးယောက်မြို့ကြီး၏ အသက်ရှုမှားဖွယ်ရှုမျှော်ခင်းများကို နေ့စဉ်ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
အောက်ထပ်တွင် အိပ်ခန်း ၂ ခန်းနှင့် အပေါ်ထပ်တွင် အိပ်ခန်း ၂ ခန်းဖြန့်ကျက်တည်ရှိပြီး ဧည့်ခန်းမှာ အလျား ၄၇ ပေခန့် အကျယ်အဝန်းရှိသည်။
Master Bedroom တွင် အဝတ်အစားထားသိုခန်း ၂ ခု ထည့်သွင်းပေးထားပြီး သီးသန့် လသာဆောင် ၃ ခုလည်းပါဝင်ရာ နေအိမ်တွင် နေထိုင်မည့်သူများအပြင် ဧည့်သည်များအနေဖြင့်လည်း နယူးယောက်မြို့ကြီး၏ ရှုမျှော်ခင်းများနှင့် ဝါရှင်တန် စကွဲရ် ပါ့ခ်တို့ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
နေအိမ်ခန်းကို ၂၀၁၁ ခုနှစ်တွင် အဆင့်မြှင့်တင် မွမ်းမံမှုများပြုလုပ်ခဲ့ရာ လေသန့်စင်စနစ်တစ်ခု၊ လည်သာအုပ် လက်ရန်းများ တပ်ဆင်ပေးထားသည့် ခမ်းနားလှသော လှေကားကြီးတို့ ပါဝင်လာသည်။
ယခုလအစောပိုင်းက ကိတ်ရစ်ချတ်နှင့် ဇနီးဖြစ်သူတို့ကို မြစ်အတွင်းအပျော်စီးသင်္ဘောပေါ်တွင် Rolling Stones တေးဂီတအဖွဲ့ကြီးမှ ဂစ်တာသမား၊ တေးသံရှင်ဖြစ်သူ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သော ရွန်နီဝုဒ်နှင့်အတူ တွေ့ခဲ့ရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)