ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာနေခြင်းကို ကိုင်တွယ်ရန်အတွက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်လိုက်ရာ တန်ဖိုးကြီးနေအိမ်များနှင့် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသူတို့အပေါ် အကောက်ခွန်များ ပိုမိုကောက်ခံတော့မည်ဟု အစိုးရအဖွဲ့က ကြေညာလိုက်ပြီဖြစ်သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်မှစတင်၍ မွန်ဂျေးအင်အစိုးရသည် အိမ်ခြံမြေဈေးနှုန်းများ ထိန်းချုပ်နိုင်ရန်အတွက် တင်းကြပ်သည့်စည်းမျဉ်းများ ဖြင့် ကိုင်တွယ်မှုများ စတင်ပြုလုပ်ခဲ့သည်။
ယခုစည်းမျဉ်းသစ်အရ ဝမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၂၆၇၀၀၀) မှ ဝမ်ငွေ သန်း ၆၀၀ အကြားတန်ကြေးရှိသည့် အိမ်ခြံမြေများကို အိမ်ခြံမြေခွန် ၀ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဟု ထုတ်ပြန်လိုက်ရာ မူလကရည်မှန်းထားသည့် ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မြင့်မားနေသည်။
ဝမ်ငွေ သန်း ၆၀၀ မှ ၁ ဒသမ ၂ ဘီလီယံအကြား တန်ကြေးရှိသည့် အိမ်ခြံမြေများကိုမူ ၀ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၀ ဒသမ ၅၅ ရာခိုင်နှုန်းအကြား တိုးမြှင့်ကောက်ခံသွားမည်ဟု ဆိုသည်။ လက်ရှိကောက်ခံနေသည့် ၂ ရာခိုင်နှုန်းမှ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ မြင့်တက်သွားခြင်းလည်း ဖြစ်သည်။
တောင်ကိုရီးယားအစိုးရသစ်က အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှုရစေရန် ခြေလှမ်းသစ်များ ဖော်ဆောင်လျက်ရှိရာ အိမ်ခြံမြေချေးငွေ စည်းမျဉ်းများ တင်းကြပ်ခြင်း၊ နေအိမ်များစွာ ပိုင်ဆိုင်ထားသည့် ပိုင်ရှင်တို့အပေါ် အခွန်များ မြှင့်တင်ခြင်းတို့ လုပ်ဆောင်လာလျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်နှင့် အခြားမြို့ကြီး ၂ ခုတွင် အိမ်ခြံမြေဈေးကစားမှုများကို ချေမှုန်းရန်အတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
လူဦးရေ သန်း ၅၀ ရှိသော တောင်ကိုရီးယားတွင် ဆိုးလ်မြို့တော်သည် တိုင်းပြည်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည့် နေရာဖြစ်သည်။
သတ်မှတ်ထားသည့် ဒေသများတွင် အိမ်ခြံမြေတန်ဖိုး၏ ၄၀ ခိုင်နှုန်းထက် ကျော်လွန်၍ ချေးငွေရယူခြင်းများကို တားမြစ်သွားမည်ဟု ဆိုသည်။
ယခုကန့်သတ်ချက်များမှာ ၁၀ လတာအတွင်း တတိယအကြိမ်မြောက် တင်းကြပ်လာမှုလည်းဖြစ်ပြီး မွန်ဂျေးအင်အစိုးရက အိမ်ခြံမြေဈေးကွက်အပေါ် ထိန်းချုပ်ရန် ကြိုးပမ်းလာမှုကို ပြသနေသည်။
ယခင် ကွန်ဆာဗေးတစ်အစိုးရများ လက်ထက်က စီးပွားရေးကို လှုံ့ဆော်မှု ပေးနိုင်ရန်အတွက် အိမ်ခြံမြေချေးငွေစည်းမျဉ်းများကို ဖြေလျော့ပေးခဲ့ရာ ဆိုးလ်မြို့တော်ရှိ ဂမ်နန်ကဲ့သို့ ချမ်းသာကြွယ်ဝသည့်အရပ်များတွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် အရိပ်လက္ခဏာများ တွေ့ခဲ့ရသည်။
“အိမ်ခြံမြေဈေးကွက်မှာ ပူဖောင်းပေါက်ကွဲမှုဖြစ်လာဖို့ အခြေတည်နေတဲ့ လက္ခဏာတွေ တွေ့နေရတယ်။ တကယ်လို့သာ စီးပွားရေးဆက်လက်နှေးကွေးနေပြီး အတိုးနှုန်းတွေ မြင့်တက်နေဦးမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေ အများကြီးဖြစ်လာဖို့ ဦးတည်နေပါပြီ” ဟု Eugene Investment & Securities မှ စီးပွားရေးပညာရှင် လီဆန်ဂျေးက ပြောကြားသည်။
“စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အိမ်ခြံမြေကဏ္ဍကို လက်နက်ကိရိယာတစ်ခုအဖြစ် အသုံးမပြုဘူးလို့ အစိုးရက ဆုံးဖြတ်လိုက် တယ်ဆိုတာ အခုစည်းမျဉ်းသစ်တွေ ချမှတ်မှုက ပြသနေတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
တောင်ကိုရီးယားစီးပွားရေးသည် ၂၀၁၆ ခုနှစ်မှစတင်ပြီး နှေးကွေးနေခဲ့သော်လည်း အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများမှာမူ ထူးခြားစွာ အားကောင်းနေခဲ့သည်။
တောင်ကိုရီးယား၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိသော်လည်း ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်စဉ် ၁၀ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသောကြောင့် စီးပွားရေးဖွံ့ဖြိုးမှုထက် ၄ ဆခန့် မြန်ဆန်နေသည်။
ဆိုးလ်မြို့တော်တွင် လူနေခန်းတစ်ခန်း၏ ပျှမ်းမျှတန်ဖိုးမှာ လွန်ခဲ့သော ၄ နှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဝမ်ငွေ သန်း ၆၀၀ ကျော် (ကန်ဒေါ်လာ ၅၃၅၀၀၀) အထိ ဖြစ်လာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)