ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘောဒီးယားနိုင်ငံ၊ ခိုကောင်းပြည်နယ်တွင် ဒါရာ ဆာကော်အမည်ရှိ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်းကြီးကို တရုတ် developer ဖြစ်သော Union Development Group (UDG) က ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ အကုန်အကျခံ၍ အကောင်အထည် ဖော်လျက်ရှိရာ ယခုအခါ အခြားစီမံကိန်းသစ်တစ်ခုဖြစ်သော ကမ္ဘာလှည့်ခရီးသွား အပန်းဖြေမြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် ထပ်မံစီစဉ်လာသည်။
အပန်းဖြေမြို့တော်ကြီး ဆောက်လုပ်မည့်သတင်းကို ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Ministry of Commerce’s (MoC) ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
တရုတ် developer UDG ၏ ဘုတ်အဖွဲ့ ဒါရိုက်တာ လီတောက်နှင့် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပန် ဆိုရာဆက်ခ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
MoC ၏ ထုတ်ပြန်ချက်အရ UDG သည် ခိုကောင်းပြည်နယ်ရှိ ၁၂၀၀ ဟက်တာ မြေအကျယ်အဝန်းပေါ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ကြေးရှိ အခြားစီမံကိန်းတစ်ခု ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း လီတောက်က ပန်ဆိုရာဆက်ခ်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။
UDG က ဆောက်လုပ်မည့် အပန်းဖြေမြို့တော်သစ်ကြီးတွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံး၊ ခေတ်မီ ကွန်ဒိုမီနီယံများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးအဆောက်အအုံများနှင့် အပန်းဖြေစခန်းတစ်ခု ပါဝင်မည်ဟု ဆိုသည်။
လာမည့် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် အသေးစိတ်အချက်အလက် များကိုမူ မသိရသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆီယန်သေးက ပြောကြားသည်။
“ဝန်ကြီးကို ကုမ္ပဏီက လာရောက်တွေ့ဆုံတာဟာ စီမံကိန်းကို အတည်ပြုချက်ရဖို့ မဟုတ်ပါဘူး။ ပြပွဲမှာ မပြသမီ ဝန်ကြီးကို ဖော်ထုတ်တင်ပြဖို့နဲ့ လိုအပ်တဲ့ အထောက်အပံ့ရရှိဖို့အတွက် ဖြစ်ပါတယ်။ ဒါက ကြီးမားတဲ့ စီမံကိန်းကြီးပါ။ ပြီးစီးဖို့အတွက် အချိန်အများကြီး ပေးရပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ခိုကောင်းပြည်နယ်၏ မည်သည့်အရပ်တွင် အကောင်အထည်ဖော်မည်ကိုမူ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)