ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ပြည်မကြီး၊ ရှန်ကျန်းအခြေစိုက် အိမ်ခြံမြေ DEVELOPER က ကမ္ဘာကျော်သူဌေးကြီး ဂျက်မား၏ နေအိမ်မှ ၅ မိနစ်ခန့် ကွာဝေးသော အရပ်ရှိ ဇိမ်ခံလူနေစီမံကိန်း ကြီးကို ဟောင်ကောင်ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီ ဖြစ်သည်။
တရုတ်အိမ်ခြံမြေ developer ဖြစ်သော Hongrongyuan Property Group သည် ဟောင်ကောင်၏ နာမည်ကျော် Victoria Peak အရပ်ရှိ တန်ဖိုးကြီးဇိမ်ခံလူနေစီမံကိန်းကြီးကို ဟောင်ကောင်ဒေါ်လာ ၃ ဘီလီယံ (ကန်ဒေါ်လာ ၃၈၄ ဒသမ ၆ သန်း) ဖြင့် ဝယ်ယူ လိုက်ခြင်း ဖြစ်သည်။
စီမံကိန်းတည်နေရာမှာ ဘာကာလမ်း၊ အမှတ် ၃၇ တွင်ဖြစ်ပြီး Hongrongyuan Property Group က ဝယ်ယူလိုက်သည့် စီမံကိန်း ၂ ခုအနက် တစ်ခုလည်း ဖြစ်သည်။
Hongrongyuan သည် ရှန်ကျန်း၏ ထိပ်တန်း အိမ်ခြံမြေ developer ကုမ္ပဏီ ၁၀ ခုတွင် တစ်ခု အပါအဝင်လည်း ဖြစ်သည်။
ဟောင်ကောင် မြေယာမှတ်ပုံတင်ဌာန၏ ထုတ်ပြန်ချက်အရ Hongrongyuan သည် ပေါ့ခ်ဖီးလ်ဒ်လမ်းမကြီးပေါ်ရှိ စီမံကိန်းတစ်ခုကို လည်း ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။
ဟောင်ကောင် မြေယာမှတ်ပုံတင်ဌာန၏ မှတ်တမ်းများအရ အဆိုပါစီမံကိန်းနေရာ ၂ ခုကို ပိုင်ဆိုင်သူမှာ Tat Ming Investment Company Limited မှဖြစ်ပြီး ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ အမည်စာရင်းတွင်လည်း ယခုအခါ Hongrongyuan ကို တည်ထောင်သူ လိုင် ဟိုင်မင်း၊ ဇနီးဖြစ်သူ ချန်းစီတင်နှင့် သားဖြစ်သူ လိုင် ဂျွန်လင်းတို့၏ အမည်နာမများ ပြောင်းလဲဖော်ပြထားသည်ဟု ဆိုသည်။
ဘေကာလမ်းပေါ်ရှိ စီမံကိန်းကြီးမှာ ကြမ်းခင်းဧရိယာ ၂၀၄၀၀ ခန့်ရှိမည်ဖြစ်ပြီး အထပ်ပေါင်းများစွာ ပါဝင်မည့် လူနေစီမံကိန်းကြီးဖြစ်ကာ စုစုပေါင်း ဆောက်လုပ်ရေးဧရိယာအကျယ်အဝန်း စတုရန်းပေ ၂၅၀၀၀ ခန့်ရှိမည် ဖြစ်သည်။
ယခုစီမံကိန်းကြီး ဆောက်လုပ်ပြီးစီးပါက အမြတ်အစွန်းရရှိရန် ဈေးနှုန်းတင်ရောင်းချမည်ဖြစ်ရာ ကမ္ဘာ့စံချိန်တင်ပေါက်ဈေးအဖြစ် စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၀၀၀၀၀ ခန့်ဖြင့် ရောင်းချဖွယ်ရာ ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)