ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ခရစ္စတီးနား မီလီယန်၏ အမည်ရင်းမှာ ခရစ္စတင်း ဖလောရက်စ်ဖြစ်သော်လည်း ခရစ္စတီးနား မီလီယန်ဟုသာ လူသိများသည်။
၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် မွေးဖွားပြီး အမေရိကန်သရုပ်ဆောင်၊ အဆိုတော်၊ တေးရေးတစ်ဦးဖြစ်သည်။
အသက် ၂၀ အရွယ် ၂၀၀၁ ခုနှစ်တွင် ၎င်း၏အမည် ခရစ္စတီးနား မီလီယန်ဖြင့်ပင် ပွဲဦးထွက်တေးအယ်လ်ဘမ်ကို စတင်ထုတ်လုပ်ခဲ့သည်။
မီလီယန်ကို တေးသံရှင်အဖြစ်လူသိများသော်လည်း အမှန်တကယ်ဖြစ်လိုခဲ့သည်မှာ သရုပ်ဆောင်တစ်ဦးဖြစ်၏။
ထို့ကြောင့် ၂၀၀၃ ခုနှစ်မှ စတင်ပြီး ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် မီလီယန်သည့် R&B အဆိုတော် The-Dream နှင့် လာ့စ်ဗီးဂပ်စ်သို့ ခိုးရာလိုက်ပြေးခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် သမီးဖြစ်သူ ဗိုင်အိုလက်ကို မွေးဖွားခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် လမ်းခွဲခဲ့ကြသည်။
ယခုအခါ ခရစ္စတီးနား မီလီယန်က ချစ်သူသစ်ဖြစ်သော ပြင်သစ်နိုင်ငံသား အမ်-ပိုကိုရာနှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖာနန်ဒို တောင်ကြားရှိ နေအိမ်တွင် နေထိုင်လျက်ရှိသည်။
မကြာသေးမီရက်ပိုင်းက ဖောက်ထွင်းသမားများသည် မီလီယန်တို့၏ နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ခိုးယူခဲ့ကြရာ တစ်ပတ်အတွင်း ၂ ကြိမ်မြောက် ဖောက်ထွင်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။
ပထမတစ်ကြိမ် ဖောက်ထွင်းခံရသည်နှင့် ဒုတိယတစ်ကြိမ်ဖောက်ထွင်းခံရသည့်အကြား ၃ ရက်သာကွာခြားပြီး ကန်ဒေါ်လာ ၁၀၀၀၀၀ တန်ကြေးရှိ လက်ဝတ်ရတနာများ ခိုးယူခံခဲ့ရသည်။
ဖောက်ထွင်းမှုဖြစ်ပွားသည့် ၂ ကြိမ်လုံးတွင် ဖောက်ထွင်းသမားများက လျှောတံခါးအား ဖျက်ဆီးကာ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
အာဏာပိုင်တို့က အဆိုပါဖောက်ထွင်းမှုနှင့် စပ်လျဉ်းပြီး သဲလွန်စ တစုံတရာရရှိခြင်း မရှိသေးသည့်အပြင် စီစီတီဗွီကင်မရာများမှလည်း မှတ်တမ်းရရှိခဲ့ခြင်း ရှိ၊ မရှိ မသိရသေးချေ။
ခရစ္စတီးနား မီလီယန်၏ နေအိမ်ကို ပစ်မှတ်ထားခံနေရသည့် အဓိကအကြောင်းရင်းမှာ နေအိမ်တွင်မရှိဘဲ ခရီးထွက်နေကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံများလွှင့်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
မကြာသေးမီရက်များအတွင်း ခရစ္စတီးနား မီလီယန်က ပြူတိုရီကိုနှင့် ချစ်သူ၏ဇာတိပြင်သစ်နိုင်ငံများတွင် အလည်အပတ် ရောက်ရှိနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင် လွှင့်တင်ထားခဲ့သည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကပင် လှေတစ်စီးပေါ်တွင် ရေကူးဝတ်စုံဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံကို “Floatin’ & Boatin’ ” ဟု ပုံစာရေးသားကာ လွှင့်တင်ထားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)