ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
စင်္ကာပူအစိုးရ၏ နိုင်ငံပိုင်ရန်ပုံငွေအဖွဲ့ GIC သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ၅၃ ထပ် မိုးမျှော်တိုက်ကြီး၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ရောင်းချရန် စီစဉ်လျက်ရှိသည်။
Chifley တာဝါအမည်ရှိ အဆိုပါမိုးမျှော်တိုက်ကြီး၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို သြစတေးလျဒေါ်လာ သန်း ၉၀၀ (ကန်ဒေါ်လာ သန်း ၆၅၀ ) ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိခြင်း ဖြစ်သည်။
GIC သည် မော်ဂန်စတန်လေ အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေးနှင့် လက်တွဲကာ Chifley တာဝါကို ၂၀၀၅ ခုနှစ်အတွင်း သြစတေးလျဒေါ်လာ သန်း ၇၁၀ (ကန်ဒေါ်လာ ၅၁၂ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၁၃ နှစ်အကြာတွင် ယခုကဲ့သို့ ပြန်လည်ရောင်းထုတ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
Chifley တာဝါ၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ရောင်းချပေးရန် တာဝန်ယူထားသည်မှာ JLL နှင့် Cushman & Wakefield တို့မှ ဖြစ်သည်။
Chifley တာဝါကို ဆောက်လုပ်ခဲ့သည်မှာ ၁၉၉၂ ခုနှစ်တွင်ဖြစ်ပြီး တန်ကြေးမှာ သြစတေးလျဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၂၀) ဖြစ်သည်။
ယှဉ်ပြိုင်မှု မြင့်မားသော ဆစ်ဒနီရုံးခန်းဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်လိုမည့် ဝယ်လက် အများအပြားကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။
Chifley တာဝါသည် အမြင့် ၂၄၄ မီတာရှိပြီး အမေရိကန်ဗိသုကာအဖွဲ့ Kohn Pedersen Fox က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
ယင်းအဆောက်အအုံကြီးတွင် Snapchat, Blackrock, Morgan Stanley နှင့် UBS တို့ကဲ့သို့ ကမ္ဘာကျော် ကုမ္ပဏီကြီးများ ရုံးခန်းဖွင့်လှစ်ထားကြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)