ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးသည် ဆန်းကြယ်မှုများ၊ လျှို့ဝှက်နက်နဲမှုများဖြင့် အတိပြီး နေသည်။ သဘာဝ၏ ဆန်းကြယ်မှုများရှိသကဲ့သို့ လူသားတို့ဖန်တီးသည့် ဆန်းကြယ် မှုများလည်း ရှိသည်။ အောက်တွင် ကမ္ဘာပေါ်တွင် အလွန်ထူးဆန်းသည့်နေအိမ်များရှိနေသည်ကို ရှာဖွေတင်ပြလိုက်ပါသည်။
၁။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှ ၁၆၀ ကီလိုမီတာ(၉၉မိုင်) ဝေးကွာသောနေရာတွင် ဘာဂျီနာ ဘက်စ်တာအမည်ရှိ မြို့ ကလေးဘေးတွင် ဒရိုင်နာအမည်ရှိ မြစ်တစ်စင်း စီးဆင်းနေ၏။အဆိုပါမြစ်အတွင်းရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် နေအိမ်တစ်လုံး ထူးဆန်းစွာတွေ့ရပုံကို ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။
၁၉၆၈ ခုနှစ်တွင် လူငယ်သူငယ်ချင်းတစ်စုက ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။ နေအိမ် ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ပြီး ပူးတွဲပိုင်ရှင်ဖြစ်သူတစ်ဦးက ပြောကြားရာတွင် မြစ်အတွင်းရှိ ကျောက် တုံးကြီးသည် ခိုလှုံရာ နေရာငယ်တစ်ခု ဆောက်လုပ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်ဟု ဆုံးဖြတ်ကာ နေအိမ်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။
၂။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တော်၏ တောင်ဘက် ၄၆ ကီလိုမီတာ ( ၂၉ မိုင်) ခန့် ဝေးကွာသော ဆူဝန်မြို့တွင် ဘိုထိုင်အိမ်သာ ပုံစံဆောက်လုပ်ထားပြီး ဟေးဝူဂျေး (Haewoojae ) ဟု အမည်ပေးထားသည့် နေအိမ်ကြီးကို ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ ဖြစ်သည်။
၃။ လက်ဘနွန်နိုင်ငံ၊ မိုင်ဇီယာရာကျေးရွာ (Miziara, Lebanon ) တွင် ထူးဆန်းသော လေယာဉ် အိမ်ကြီးကို ၂၀၁၅ ခုနှစ်၊ မေလ ၁၂ ရက်က တွေ့မြင်ခဲ့ရသည့် ဓာတ်ပုံဖြစ်သည်။ မိုင်ဇီယာရာ ကျေးရွာရှိ လူနေအိမ်များမှာ ရှေးခေတ်ဂရိဘုရားကျောင်းဟန်၊ အီဂျစ်ရှေးလက်ရာဟန်များဖြစ်ပြီး ယခုနေအိမ်ကြီးမှာမူ Airbus A380 လေယာဉ်ကြီးအသွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
၎။တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့တွင် ၁၉ ထပ်တိုက်ကြီး၏ ထိပ်ဆုံးခန်းတွင် သစ်ပင်များဖုံးလွှမ်းနေစေကာ တရားမ၀င်ဆောက်လုပ်ထားသည့် အခန်းတစ်ခန်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်က တွေ့မြင်ရပုံဖြစ်သည်။ ဒေသတွင်း အာဏာပိုင်တို့က အဆိုပါလူနေခန်းဆောက်လုပ် မှုကို ၂၀၁၂ ခုနှစ်ကတည်းက သတိပြုမိခဲ့သော်လည်း ထိုစဉ်ကတည်းကပင် ပိုင်ရှင်ကို ရှာမတွေ့ခဲ့ဟု ဆိုသည်။
၅။ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက်၊ စထရက်စ်ဘော့ဂ်ျမြို့အနီး ကော့စ်ဝိုင်လာအရပ်တွင် အလွန်ကြီးမားသည့် နေနာရီကြီးအသွင် ဆောက်လုပ်ထားသည့် နေအိမ်ကြီးကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်က မှတ်တမ်းတင်ထားခဲ့သည့် ဓာတ်ပုံဖြစ်သည်။
၆။အမိုးခုံးအိမ်ငယ်ပေါင်း ၇၀ ခန့် တစုတဝေးတည်း ဆောက်လုပ်ထားသည့် ထူးဆန်းသည့် နေရာတစ်ခု ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ရှေးဟောင်းမြို့ တော်တစ်ခုဖြစ်သော ယိုဂျားကာတာအနီး ရှိ ဆမ်ဘာဟာဂျိုးကျေးရွာတွင် ငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက် အမေရိကန်အခြေစိုက် Domes for the World ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဓာတ်ပုံမှာ ၂၀၀၇ ခုနှစ်၊ မေလ ၈ ရက်က ရိုက်ကူးခဲ့သည့်ဓာတ်ပုံဖြစ်သည်။
၇။အိုင်ဗရီကို့စ်နိုင်ငံ၏ မြို့တော် အဘစ်ဂျန်တွင် သီယာရိ အတ္တအမည်ရှိသူတစ်ဦးက နေအိမ် ခြံဝန်းအတွင်း မိချောင်းပုံနေအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။ မိုဆာကာလိုက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com