ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဗဟိုဘဏ်သို့ ခွင့်ပြု ချက်လျှောက်ထားသည့်ဘဏ်အသစ်ငါးခုအနက် သုံးခုကိုခွင့်ပြုပြီး ဖြစ်၍ တစ်နှစ်အတွင်းလုပ်ငန်း စတင်လည်ပတ်ရမည်ဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်တစ်ဦး ကပြောသည်။
ဂုဏ်ထူးဆောင်တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်၊ သတ္တုဖွံ့ဖြိုးရေး ဘဏ်လီမိတက်နှင့် မြန်မာ့ခရီး သွားဘဏ် လီမိတက်တို့သည် ဗဟိုဘဏ်နှင့် တွေ့ဆုံဆွေးနွေး ပြီးဖြစ်သည်ဟု ၎င်းကဆက်လက် ပြောသည်။
ဘဏ်သုံးခုအနက် သတ္တုဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလိုင်စင်ရရှိထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်လုပ်ငန်း စတင်ဆောင်ရွက်ခွင့် လက်မှတ် ရရှိရန် ဆောင်ရွက်နေကြောင်း အဆိုပါဘဏ်ကုမ္ပဏီဒါရိုက်တာ အဖွဲ့က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
၎င်းတို့ကုမ္ပဏီတွင် ပြည်သူ များပါဝင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံ ရန်စိတ်ဝင်စားသူများအတွက် အ စုရှယ်ယာများအကြောင်း အသေးစိတ်ကို မကြာမီကြေညာမည် ဖြစ်ပြီး ကျောက်မျက်နှင့် သတ္တုသယံဇာတကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကနှင့်ပါဝင်ပူးပေါင်း ဆောင်ရွက်မည်ဟု ဒါရိုက်တာအဖွဲ့က ပြောသည်။
‘‘ဘဏ်ခွင့်ပြုချက်ရပြီးသွား ပါပြီ’’ ဟု မြန်မာ့ခရီးသွားဘဏ် မန်နေဂျင်းဒါရိုက်တာဦးစောဘို ဘိုကလည်း ပြောသည်။
ဘဏ်ခွဲများကို ရန်ကုန်၊ မန္တ လေးနှင့်နေပြည်တော်တွင် ဖွင့် လှစ်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း နှင့်ချိတ်ဆက်သည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များအပါအ၀င် ခရီးသွားလုပ်ငန်း ကို ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ ရန်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောသည်။
ဂုဏ်ထူးဆောင်တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်သည် စစ်ကိုင်း တိုင်းအခြေစိုက်ဖြစ်သည်။ စစ် ကိုင်းတိုင်းအစိုးရအဖွဲ့ ရှယ်ယာပါဝင်သည့် ဘဏ်ဖြစ်ပြီးစစ်ကိုင်း နှင့်ရွှေဘိုတွင် ဘဏ်များဖွင့်လှစ် ရန်စီစဉ်ထားသည်ဟု အဆိုပါ ဘဏ်ဒါရိုက်တာစစ်ကိုင်းတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ပြောသည်။
‘‘လယ်သမားဘဏ်ဆိုတော့ လယ်သမားဘ၀ ဖွံ့ဖြိုးတိုးတက် ရေး၊ SME လုပ်ငန်းဖွံ့ဖြိုးရေးအ တွက်လုပ်သွားမယ်။ ဘဏ်ခွဲဖွင့် ဖို့အသေးစိတ်တော့ လုပ်နေပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
လက်ရှိဗဟိုဘဏ်၏ စည်း မျဉ်းအရ ဘဏ်တစ်ခုဖွင့်လှစ်လျှင် ပြည်တွင်းဘဏ်သည် ကျပ်ဘီလီ ယံ ၂၀ နှင့်နိုင်ငံခြားဘဏ်ဖွင့်လှစ်ပါက ဒေါ်လာ ၇၅ သန်းကို ဗဟို ဘဏ်သို့ မတည်ရင်းနှီးငွေပေးသွင်းရသည်။
ဘဏ်တည်ထောင်ခွင့်လျှောက်ထားသော ဘဏ်များထဲမှ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေး)နှင့် ရွှေနန်းစောဘဏ်လီမိတက်တို့ကို စိစစ်နေဆဲဖြစ်သည်။
လက်ရှိ၌ မြန်မာနိုင်ငံတွင် ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၄ ခု ရှိပြီး ဘဏ်ငါးခုထပ်မံခွင့်ပြုပါက ၂၉ ခုရှိလာမည်ဖြစ်သည်။
Credit: 7Daydaily