ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ကမ္ဘာပေါ်တွင် တတိယမြောက် အချမ်းသာဆုံးသူဌေးကြီးဖြစ်သူ ဝါရင်ဘူဖေးက ကယ်လီဖိုးနီးယားရှိ ပင်လယ်ကမ်းခြေစံအိမ်ကြီးကို အရောင်းဈေးကွက်တင်လာသည်။
ကန်ဒေါ်လာ ၈၅ ဘီလီယံကြွယ်ဝသော ဝါရင်ဘူဖေးသည် အမေဇုန်တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်နှင့် မိုက္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်တို့ပြီးလျှင် တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြသည်။
ကမ္ဘာ့ထိပ်တန်းသူဌေးကြီးဖြစ်သော်လည်း ဝါရင်ဘူဖေးနေထိုင်လျက်ရှိသည်မှာ သာမန်နေအိမ်တစ်လုံးသာဖြစ်ပြီး နီဘရာစကားပြည်နယ်၊ အိုမာဟာမြို့တွင် တည်ရှိသည်။
သို့တိုင် ဝါရင်ဘူဖေးသည် ဘဝကိုအမြဲကြမ်းတမ်းစွာ နေထိုင်လျက်ရှိသည်ဟုကား မဆိုနိုင်ချေ။
ကယ်လီဖိုးနီးယားပြည်နယ်၊ လာဂူနာကမ်းခြေတွင် အိပ်ခန်း ၆ ခန်းပါ အားလပ်ရက်အပန်းဖြေစံအိမ်တစ်လုံး ပိုင်ဆိုင်ထားသေး၏။
ယခုအခါတွင်ကား ဝါရင်ဘူဖေးက အဆိုပါ အပန်းဖြေစံအိမ်ကြီးကို ရောင်းထုတ်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
၁၉၇၁ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကန်ဒေါ်လာ ၁၅၅၀၀၀ သာပေးခဲ့ရသည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၈၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေးသော်လည်း ရောင်းမထွက်ခဲ့သောကြောင့် ယခုအခါ ဈေးနှုန်းလျှော့ချကာ ပြန်လည်ဈေးကွက်တင်လာခြင်း ဖြစ်သည်။
ယခုအခါ အရောင်းဈေးကွက်တင်လာသည်မှာ Laguna Beach Real Estate မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၃ သန်းခန့် လျှော့ချပေးကာ ကန်ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။
ယင်းသို့ ဈေးလျှော့ပေးသည့်တိုင် မူလဝယ်ယူစဉ်ကဈေးနှုန်းထက် အဆပေါင်း ၅၀ ကျော် မြတ်စွန်းနေသည်ဟု ဆိုနိုင်သည်။
(အသေးစိတ် အချက်အလက်များ)
အိပ်ခန်း- ၆ ခန်း ရေချိုးခန်း - ၇ ခန်း နေအိမ်အကျယ်အဝန်း- ၃၅၈၈ စတုရန်းပေ ခြံဝန်းအကျယ်- ၀ ဒသမ ၁၁ ဧက တည်နေရာ- အမှတ် ၂၇ emerald bay၊ လာဂူနာကမ်းခြေမြို့၊ အောရိန်းခရိုင်၊ ကယ်လီဖိုးနီးယားပြည်နယ် ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၃၆ အမျိုးအစား- လူနေ ကားရပ်နားရန်- ကား ၂ စင်းစာ စတင်ဈေးကွက်တင်ခဲ့ချိန်- ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ဈေးကွက်တွင်ရှိခဲ့ဖူးသည့်ရက်ပေါင်း- ၅၆၃ ရက်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)