ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီကို ပလေးဘွိုင်း မင်းသားဟု အမည်ပြောင်ဖြင့် ခေါ်ဆိုကြ၏။ သူသည် ဗြိတိန်ထီးနန်းအရိုက်အရာကို ဆက်ခံရန် ဆဌမမြောက် နေရာတွင် ရှိသူလည်း ဖြစ်သည်။
မီဂန်မာကယ်သည်ကား အမေရိကန်ရုပ်ရှင်သရုပ် ဆောင် မင်းသမီးဖြစ်ပြီး Suits အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် နာမည်ကျော်သည်။ ၎င်းတို့ နှစ်ဦးပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၀ ၀န်းကျင်ဖြစ် သည်ဟု ခန့်မှန်းထားကြသည်။
၁။ မာလီဘူးစံအိမ်
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ မြေဈေးအကြီးမြင့်ဆုံးနေရာဖြစ်ပြီး ကမ္ဘာကျော်ကြယ်ပွင့်တို့ အခြေချရာ မာလီဘူးအရပ်တွင် မင်းသားဟယ်ရီတို့ ပိုင်ဆိုင်ထား သော စံအိမ်ကြီးတစ်လုံးရှိသည်။ အီတလီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ၀ယ်ယူခဲ့ ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။
စံအိမ်ကြီးအတွင်း အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။ ယင်းစံအိမ်တွင် မင်းသားဟယ်ရီနှင့် မီဂန် မာကယ်တို့က ၄ လခန့် လာရောက်နေထိုင်ကြရန် စီစဉ်ထား သည်ဟု ဆိုသည်။ ခြံဝန်းအတွင်းတွင် ကြီးမားလှသည့် ရေကူးကန်၊ ရေပူစိမ်ကန်၊ ရေတံခွန်များ ပါဝင်ပြီး ကိုယ်ပိုင်ကမ်းခြေလည်း ပါဝင်ကာ ကမ်းခြေမှာ ခဲတစ်ပစ်ခန့်သာ ကွာဝေးသည်။ နန်းတော်ကြီးတမျှ ခမ်းနားလှသည့် စံအိမ်ကြီးတွင် ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ နည်းပညာမြင့်ပစ္စည်းကိရိယာများ တပ်ဆင် ထားသည့် အားကစားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်း၊ နှစ် ထပ်တိုက် ဧည့်ဂေဟာတို့လည်း ပါဝင်သေး၏။ တော်ဝင်စုံတွဲက အဆိုပါစံအိမ်ကို ကန်ဒေါ်လာ တစ် သန်းခန့် သုံးစွဲကာ မွမ်းမံမှုများ ပြုလုပ်သွားမည်ဟု ခန့်မှန်းထား ကြပြီး ကမ္ဘာတစ်ဝန်းရှိ ပရိဟိတလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ရုံးခန်းသဖွယ် အသုံးပြုသွားမည်ဟုလည်း ခန့်မှန်း ထားကြသည်။
၂။ Mini Countryman မော်တော်ကား
မင်းသားဟယ်ရီက မီဂန်မာကယ်ကို လက်ဆောင်ပေး ခဲ့သည့် မော်တော်ကားဖြစ်ပြီး ပေါင် ၃၁၀၀၀ ခန့် တန်ကြေး ရှိသည်။ မီဂန်မာကယ်လ်သည့် လန်ဒန်မြို့တော်အတွင်း အလည်အပတ်သွားလိုပါက အဆင်ပြေချောမွေ့ရန် ရည်ရွယ် ကာ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အမြန်ဆုံးမိုင်နှုန်းအနေဖြင့် တစ်နာရီလျှင် ၁၂၂ ဒသမ ၄ မှ ၁၄၅ ဒသမ ၄ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ၀-၆၀ အမြန်နှုန်းကို ၆ ဒသမ ၃ စက္ကန့်မှ ၉ ဒသမ ၅ စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်စွမ်းရှိသည်။ all-wheel drive အမျိုးအစား ဖြစ်သည်။ LED မီးစနစ်တပ်ဆင်ပေးထားပြီး အင်ဂျင်မှာ ၂.၀ Litre တာဘိုအင်ဂျင်ဖြစ်ကာ မြင်းကောင်ရေ ၁၉၂ ကောင်အား ရှိသည်။
၃။ ယော့ခ်စံအိမ်
၎။ မီဂန်မာကယ်လ်၏ လက်ထပ်ဝတ်စုံ တန်ကြေးအားဖြင့် ပေါင် ၂၅၀၀၀၀ နီးပါးရှိနိုင်သည် ဟု ခန့်မှန်းထားကြသော မီဂန်မာကယ်လ်၏ လက်ထပ်ဝတ်စုံ ကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ မည်သူဖြစ်သည်ဆိုခြင်းကို ယနေ့တိုင် မသိရသေးချေ။ အများစု ခန့်မှန်းကြသည်မှာ လန်ဒန်အခြေစိုက် Ralph & Russo က ဒီဇိုင်းရေးဆွဲပေးခဲ့သည်ဟု ခန့်မှန်းထား ကြပြီး Burberry, Erdem, Stella McCartney နှင့် Roland Mouret တို့လည်း ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်များ ရှိသည်။
၅။ Rolex Explorer II နာရီ မင်းသားဟယ်ရီ၏ Rolex Explorer II နာရီသည် နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး Rolex Explorer အုပ်စုတွင် ပါဝင်ကာ တန်ကြေးအားဖြင့် ပေါင် ၅၀၀၀ ခန့် ရှိသည်။ stainless steel နှင့် ကမာခွံတို့ဖြင့် ပြုလုပ်ထားကာ ပေ ၃၃၀ အနက်အထိ ရေလုံစွမ်းရည်ရှိသည်။
၆။ နော်တင်ဟမ်စံအိမ် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့ လက်ရှိနေထိုင် လျက်ရှိသော စံအိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်တွင် ကျင်းပခဲ့သော လက်ထပ်ပွဲမတိုင်မီကလည်း အဆိုပါ စံအိမ်တွင် နေထိုင်ခဲ့ဖူးသည်။ ကန်ဆင်တန်နန်းတော်ဝန်းအတွင်း တည်ရှိပြီး အခန်း ၄ ခန်းမှ ၅ ခန်းခန့်သာ ပါဝင်ကာ ယခင်က ကိန်းဘရစ်မြို့စား နှင့် မြို့စားကတော်တို့ နေထိုင်ခဲ့ရာ ဖြစ်သည်။ စံအိမ်အတွင်း အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းငယ်တစ်ခု၊ မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ ပါဝင်ပြီး စံအိမ်တော်အနီးတွင် ၀န်းခတ်ထားသည့် ပန်းဥယျာဉ်တစ်ခု တည်ရှိသည်။ နန်းတော်ဝန်းအတွင်း တည်ရှိကာ ၂၄ နာရီ လှည့် ကင်းများ၊ ကင်းဂိတ်များ၊ မြင့်မားသည့် တံတိုင်းများ ထားရှိပြီး ဖြစ်သောကြောင့် လုံခြုံရေးထပ်မံထားရှိရန် မလိုအပ်သော နေရာလည်း ဖြစ်သည်။
၇။ Brietling Aerospace နာရီ မင်းသားဟယ်ရီ ပိုင်ဆိုင်သည့် အခြားနာရီတစ်လုံး ဖြစ်သော Breitling Aerospace EVO Volcano သည် တိုက်တေနီယမ်ဖြင့် ပြုလုပ်ထားခြင်းကြောင့် အထူးပေါ့ပါး သည်။ တိုက်တေနီယမ်သည် လေကြောင်းအာကာသနယ်ပယ် တွင် အသုံးပြုသည့် သတ္ထုအမျိုးအစား ဖြစ်၏။ တန်ကြေးမှာ ပေါင် ၃၂၆၀ ဖြစ်ပြီး ရေအနက် မီတာ ၁၀၀ အထိ ရေလုံ စွမ်းရည်ရှိသည်။
၈။ လက်ဝတ်ရတနာစုဆောင်းထားမှု မီဂန်မာကယ်သည် တော်ဝင်လက်ထပ်ပွဲ အပါအ၀င် သီးသန့်ပါတီပွဲများတွင် လည်ဆွဲအမှတ်တံဆိပ်မျိုးစုံ၊ လက်စွပ် များ၊ နားဆွဲများ ၀တ်ဆင်ပုံကို ထောက်ရှု၍ လက်ဝတ်ရတနာ များစွာ စုဆောင်းထားရှိပြီးဖြစ်သည်ဟု ခန့်မှန်းကြသည်။ စေ့စပ်ပွဲအခမ်းအနားတွင် မီဂန်မာကယ်လ်သည် ရွှေဝါရောင် ကြောင်ကျောက် နားဆွဲကို ဆင်မြန်းခဲ့သည်။ အဆိုပါနားဆွဲသည် ကနေဒါအခြေစိုက် ကမ္ဘာကျော် လက်ဝတ် ရတနာကုမ်္ပဏီကြီးဖြစ်သော Birks Group က ထုတ်လုပ်ခြင်း ဖြစ်ပြီး ၇၃၂ ပေါင် (မြန်မာငွေ ၁၃ သိန်းခွဲဝန်းကျင် - ၂၀၁၈၊ ဇူလိုင် ၁၀ ရက် ငွေလဲနှုန်း စတာလင် ၁ ပေါင်= မြန်မာငွေ ၁၈၆၄ ကျပ်နှုန်းအရ) ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။ ဘာမင်ဂမ်တွင် ကျင်းပသော နိုင်ငံတကာအမျိုးသမီး များနေ့ အခမ်းအနားသို့ တက်ရောက်ရာတွင် မီဂန် မာကယ် သည် ၅၂၉ ပေါင် တန်ကြေးရှိ စိန်လည်ဆွဲတစ်ခု ဆင်မြန်းလာ ခဲ့၏။ စကော့တလန်နိုင်ငံ၏ မြို့တော် အီဒင်ဘာ့သို့ ခရီး ထွက်စဉ်ကမူ ၂၈၅၈ ပေါင် (မြန်မာငွေ ၅၃ သိန်းကျော်) တန် ကြေးရှိ စိန်လက်စွပ်နှင့် ၈၅၅ ပေါင် တန်ကြေးရှိ ရွှေလက်စွပ် တို့ ၀တ်ဆင်လာခဲ့သည်။ စေ့စပ်ပွဲတွင် ရရှိခဲ့သည့် စေ့စပ်လက်စွပ်မှာ အာဖရိက တိုက်၊ ဘော့စ်ဝါနာနိုင်ငံထွက် စိန်များဖြင့် ပြုလုပ်ထားသည့် လက်စွပ်ဖြစ်ပြီး ယောက်္ခမဖြစ်သူ ဒိုင်ယာနာမင်းသမီးစုဆောင်း ထားခဲ့သော ကန်ဒေါ်လာ ၃၅၀၀၀၀ တန်ကြေးရှိ လက်ဝတ် ရတနာ များလည်း ၀တ်ဆင်ခဲ့သည်ဟု ဆိုသည်။
၉။ အ၀တ်အထည်စုဆောင်းမှု မီဂန်မာကယ်သည် လက်ဝတ်ရတနာများစွာ ပိုင်ဆိုင် ထားသည့်အပြင် တန်ဖိုးကြီး ရှုးဖိနပ်များ၊ ဂျင်းဘောင်းဘီများ အပါအ၀င် အ၀တ်အထည်များစွာ ၀ယ်ယူစုဆောင်းထားသည် ဟု ဆိုသည်။ မီဂန်မာကယ်သည် ကန်ဒေါ်လာ ၂၀၀၀ ကျော် (မြန်မာငွေ သိန်း ၃၀ ၀န်းကျင်) တန်ကြေးရှိ Altuzarra အမျိုးအစား လက်ကိုင်အိတ်နှင့် ကန်ဒေါ်လာ ၇၀၆ (မြန်မာငွေ ၁၀ သိန်းခန့်) တန်ကြေးရှိ Strathberry လက်ကိုင် အိတ်တို့ လည်း ၀ယ်ယူထားသည်။ စကော့တလန်သို့ အလည်အပတ်သွား စဉ် ၀တ်ဆင် ခဲ့သော ကုတ်အင်္ကျီမှာ ကန်ဒေါ်လာ ၃၇၅၁ (မြန်မာငွေ ၅၃ သိန်းခန့်) တန်ကြေးရှိသည်ဟု ဆိုသည် ။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com