ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အရှေ့တောင်အာရှ၏ အကြီးမားဆုံး developer ကုမ္ပဏီတစ်ခုဖြစ်သော Capitaland သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသည့် မြေနေရာကို ဗီယက်နမ်ငွေ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟိုချီမင်းမြို့တော် အရှေ့ဘက် ဆင်ခြေဖုံးအရပ်ရှိ စတုရန်းမီတာ ၆၀၀၀၀ ( ၆၄၅၈၃၄ စတုရန်းပေ ) ကျယ်ဝန်းသည့် မြေနေရာကို ဗီယက်နမ်ဒေါင်ငွေ ၁ ဒသမ ၃၈ ဘီလီယံ (ကန်ဒေါ်လာ ၅၈ ဒသမ ၉၈ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
မြေနေရာ တည်ရှိရာမှာ ဟိုချီမင်းမြို့တော် အမှတ် ၂ ခရိုင်၊ ဘင် ထရန်း ဒေါင် ရပ်ကွက်တွင် တည်ရှိပြီး လုံးချင်းအိမ်ပေါင်း ၁၀၀ ခန့် ဆောက်လုပ်နိုင်ပြီး တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ပူဒေါင်ခရိုင်ပုံစံမျိုး အကောင်အထည်ဖော်ရန် ရည်မှန်းခြင်းလည်း ဖြစ်သည်။
“ဗီယက်နမ်က လူကြိုက်များတဲ့ မြေနေရာတစ်ခု ထပ်မံပိုင်ဆိုင်ခွင့်ရတဲ့အပေါ် ကျွန်တော်တို့ များစွာဝမ်းမြောက်ရပါတယ်။
ဟိုချီမင်းမြို့တော်ရဲ့ အလျင်အမြန်ကြီးထွားဖွံ့ဖြိုးလာနေတဲ့ အမှတ် ၂ ခရိုင်မှာ ကျွန်တော်တို့ရဲ့ ၉ ခုမြောက် လူနေစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်သွားမှာပါ” ဟု CapitaLand ၏ ဥက္ကဌ လင်မင်ယမ်က ပြောကြားသည်။
CapitaLand သည် ဗီယက်နမ်တွင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးခန့် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ အရှေ့တောင်အာရှတွင် ဗီယက်နမ်သည် စင်္ကာပူနှင့် မလေးရှားတို့ပြီးလျှင် CapitaLand ၏ တတိယအကြီးမားဆုံးဈေးကွက်ဖြစ်လာသည်။
ဗီယက်နမ်တွင် CapitaLand က အကောင်အထည်ဖော်ပြီးဖြစ်သော စီမံကိန်းများမှာ ဘက်စုံသုံးစီမံကိန်း ၂ ခု၊ ဆောက်လုပ်ပြီး နေအိမ်ပေါင်း ၈၀၀၀ ကျော်ပါဝင်သည့် လူနေအိမ်ရာ စီမံကိန်း ၁၂ ခု၊ ဈေးဝယ်စင်တာ ၂ ခု၊ မြို့ကြီးပေါင်း ၇ ခုတွင် အသင့်နေ လူနေအိမ်ရာ (serviced residence) ပေါင်း ၂၁ ခုတွင် အသင့်နေ လူနေခန်း (serviced apartment) ပေါင်း ၄၈၀၀ ကျော်တို့ ပါဝင်သည်။
CapitaLand သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟိုချီမင်းမြို့တော်တွင် အခန်းပေါင်း ၈၇၀ ပါဝင်သည့် ၂၄ ထပ်အဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၇၇ သန်းဝန်းကျင်ဖြင့် ဝယ်ယူခဲ့သည့်နည်းတူ ယခုနှစ် မတ်လအတွင်းကလည်း ဟနွိုင်းမြို့၊ တေဟိုခရိုင်တွင် ၀ ဒသမ ၉ ဟက်တာ မြေပေါ်၌ ဘက်စုံသုံးစီမံကိန်းတစ်ခုကို အခြားကုမ္ပဏီတစ်ခုဖြင့် ပူးတွဲအကောင်အထည် ဖော်မည်ဟု ကြေညာခဲ့ဖူးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)