ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ အဲရစ်ခ် ထရမ့်က ချီကာဂိုမြို့ရှိ ထရမ့်အင်တာနေရှင်နယ် တာဝါနှင့် ဟိုတယ်ကို ကမ္ဘာပေါ်တွင် အလှဆုံးအဆောက်အအုံတစ်လုံးဟု လူမှုကွန်ရက်တွင် ရေးသားရာဝိုင်းဝန်းလှောင်ပြောင်ခံရလျက်ရှိသည်။
အဲရစ်ခ်ထရမ့်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တတိယမြောက်သားဖြစ်ပြီး သူ၏တွစ်တာလူမှုကွန်ရက်အကောင့်တွင် ယခုကဲ့သို့ ရေးသားလိုက်ခြင်း ဖြစ်သည်။
တွစ်တာအသုံးပြုသူ အများစုမှာ အဲရစ်ခ် ထရမ့်၏ ပြောကြားချက်ကို လက်မခံကြချေ။
အိန္ဒိယနိုင်ငံရှိ တပ်ဂ်ျမဟာ ဂူဗိမာန်ကြီးနှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ St. Basil ဘုရားကျောင်းတို့မှာ ပိုမိုလှပကြောင်း ပြောကြားကြသည်။
ဂျိုးစမစ်အမည်ရှိ တွစ်တာအသုံးပြုသူက ပြောကြားရာတွင် ကပ်လျက်တွင်ရှိသော အိုင်ဘီအမ်အဆောက်အအုံမှာ အဆတစ်ထောင်ခန့် ပိုမိုလှပကြောင်း ရေးသားခဲ့သည်။
မစ္စတာ ဘတ်ကီဘန်းစ်အကောင့်ပိုင်ရှင်ကလည်း ကမ္ဘာ့အဆင့်မဆိုထားနှင့် အမေရိကန်၏ အလှဆုံးအဆောက်အအုံ ၁၀၀ စာရင်းတွင်ပင် မပါကြောင်း ဝေဖန်ထားသည်။
Ninja poet အကောင့်ပိုင်ရှင်က ရေးသားရာတွင် အဲရစ်ခ်ထရမ့်ကို ကမ္ဘာ့အနှံ့ရောက်ဖူးသလားဟု မေးခွန်းထုတ်ခဲ့သည်။
Joe Tuma အကောင့်ပိုင်ရှင်ကလည်း ချီကာဂို၏ ထိပ်တန်းအဆောက်အအုံ ၅ လုံးစာရင်းတွင်ပင် မပါကြောင်း ဝေဖန်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)