ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အနီရောင်ဂြိုဟ်ကြီးဖြစ်သည့် မားစ်ဂြိုဟ်ပေါ်တွင် လူတို့နေထိုင်နိုင်သော အိမ်များအတွက် အနိုင်ရရှိသည့် ဒီဇိုင်းများကို လေကြောင်းနှင့် အာကာသဆိုင်ရာ အမေရိကန်ဖက်ဒရယ်အေဂျင်စီဖြစ်သော နာဆာက ထုတ်ပြန်ပြသလိုက်ပြီ ဖြစ်သည်။
နက်နဲသောအာကာသတွင် လူသားတို့ အသက်ရှင်ရပ်တည်နိုင်ရန် နေရာဌာနများအတွက် ဒီဇိုင်းအမြင်များအား လေကြောင်းအာကာသဆိုင်ရာ ဒီဇိုင်းပညာရှင်များမဟုတ်သည့် ဒီဇိုင်းပညာရှင်များထံမှ နာဆာအဖွဲ့ကြီးက ရှာဖွေလျက်ရှိပါသည်။
နောက်ဆုံးအဆင့် ဆန်ခါတင်ငါးဖွဲ့ဖြစ်သည့် အာကန်ဆက်၊ အီလီနွိုက်၊ မစ္စစ္စပီနှင့် နယူးယောက်တို့မှ ပညာရှင်များက ၎င်းသရီးဒီပုံထုတ်ယှဉ်ပြိုင်မှု၏ တတိယအဆင့်ကို အောင်မြင်ခဲ့ကြပြီးနောက် ယခုအခါ အဆင့်သစ်ကို လုပ်ဆောင်နေကြပြီဖြစ်သည်။
အနိုင်ရရှိသောဒီဇိုင်းများမှာ မားစ်ဂြိုလ်ပေါ်တွင် သက်ရှိရပ်တည်နေထိုင်မှုဘဝကို မြင်ယောင်ပုံဖော်၍ သရီးဒီပုံထုတ်နည်းပညာနှင့် BIM ဆော့ဖ်ဝဲတို့ကို အသုံးပြုခဲ့ကြသည့်၊ ပြီးခဲ့သည့်ဇွန်လက ပဏာမအဆင့်ရွေးချယ်ခဲ့သည့် ဆန်ခါတင်စာရင်းဝင် ပြိုင်ပွဲဝင် ၁၀ ဦးထံမှ ထပ်မံစိစစ်ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပဏာမသတင်းဓာတ်ပုံအဖြစ် ဖော်ပြထားသည့် ရုပ်ပုံမှာ ပထမနေရာကို အနိုင်ရရှိသည့် ဒီဇိုင်းဖြစ်ပြီး အာကန်ဆက်ပြည်နယ်မှ ဇိုဖာရပ်စ်အဖွဲ့၏ ဒီဇိုင်းဖြစ်သည်။
"မားစ်ဂြိုဟ်ပေါ်ကို ပထမဆုံးသွားရောက်မယ့် အာကာသယာဉ်မှူးတွေဟာ အဲ့ဒီကိုရောက်ရှိဖို့အတွက် ကမ္ဘာနဲ့ လအကြား အကွာအဝေးရဲ့ အဆ ၁ ထောင်ကျော် ခရီးနှင်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီမစ်ရှင်ဟာ သုံးနှစ်ကျော် ကြာမှာပါ။ ကမ္ဘာအပြင်ဘက်မှာ ရှင်သန်နေထိုင်ဖူးသူဘယ်သူမဆိုရဲ့ တစ်ဆက်တည်းနေထိုင်ဖူးတဲ့အချိန်ပမာဏရဲ့ သုံးဆလည်း ဖြစ်ပါတယ်။" ဟု ဆန်ခါတင် ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည့် ဆန်ဖရန်စစ္စကိုဒီဇိုင်းကုမ္ပဏီ Hassell ၏ ဒီဇိုင်းနည်းပညာနှင့် ဆန်းသစ်တီထွင်မှုအကြီးအကဲ ဇာဗီယာဒီကက်စ်တယ်လီယာက ပြောကြားခဲ့သည်။
ပြိုင်ပွဲ၏ စတုတ္ထနှင့် နောက်ဆုံးအဆင့်အတွက် ပြိုင်ပွဲဝင်ငါးဖွဲ့သည် ၎င်းတို့အဆိုပြုထားသည့် သတင်းဖော်ပြပါအိမ်ဒီဇိုင်းများ၏ သုံးပုံတစ်ပုံ အရွယ်အစားရှိသည့် နမူနာအိမ်ငယ်ကို သရီးဒီပုံထုတ်၍ ဖန်တီးကြရမည်ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com