ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး Goldman Sachs သည် ဥရောပရှိ ရုံးချုပ်သစ်ကြီးတစ်ခုဖြစ်သော လန်ဒန်ရုံးချုပ် အဆောက်အအုံကြီးကို တောင်ကိုရီးယားထံ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချကာ ပြန်လည်ငှားရမ်း ရုံးခန်းဖွင့် လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
Goldman Sachs ၏ ထုတ်ပြန်ချက်တွင် မိမိတို့ကုမ္ပဏီသည် ကန်ဒေါ်လာ ၁ ဒသမ ၅၀၂ ဘီလီယံ တန်ကြေးရှိသော အဆောက်အအုံ ကြီးကို ရောင်းချလိုက်ပြီးနောက် ၂၅ နှစ်သက်တမ်းဖြင့် ပြန်လည်ငှားရမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“The Goldman Sachs Group Inc. သည် Plumtree Court အဆောက်အအုံကြီးကို ရောင်းချရန်နှင့် ပြန်လည်ငှားရမ်းရန် တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားပင်စင်ဌာနနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။
တည်နေရာမှာ လန်ဒန်မြို့၏ ဘဏ္ဍာရေးအချက်အခြာကျသည့်နေရာတွင်ဖြစ်ပြီး ၁၀ ထပ်အဆောက်အအုံကြီးဖြစ်ကာ ဝန်ထမ်းပေါင်း ၈၀၀၀ ခန့် တာဝန်ထမ်းဆောင်နိုင်သည့် နေရာအကျယ်အဝန်းရှိသည်။
လန်ဒန်တွင် ဥရောပရုံးချုပ်ဆက်လက်ထားရှိရန် Goldman Sach က ဆုံးဖြတ်လိုက်ခြင်းမှာ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ပြီးနောက်ပိုင်း အခြေအနေများကို အထောက်အကူကောင်းဖြစ်လာမည်ဖြစ်သည်။
Goldman Sach ၏ လန်ဒန်ရုံးချုပ်တွင် ဝန်ထမ်းပေါင်း ၆၀၀၀ ခန့်ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်အပြီးသတ် နှုတ်ထွက်ခဲ့ပါက ဖရန့်ခ်ဖတ်နှင့် ပဲရစ်တို့သို့ ဝန်ထမ်းဦးရေ အနည်းငယ်ရွှေ့ပြောင်း ချထားဖွယ်ရာရှိသည်။
ကိုရီးယား အမျိုးသားပင်စင်ဌာနမှ ကမ္ဘာလုံးဆိုင်ရာအိမ်ခြံမြေကဏ္ဍ အကြီးအကဲ စကော့ထ်ကင်မ်က ပြောကြားရာတွင် ပင်စင်ရန်ပုံငွေ အဖွဲ့သည် လန်ဒန်ဈေးကွက်သို့ အရည်အသွေးမြင့် ပိုင်ဆိုင်မှုတစ်ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သော နှစ်ကလည်း လန်ဒန်တွင် ဝေါ်ကီတော်ကီ "Walkie Talkie" ဟု လူသိများသော အဆောက်အအုံကြီးကို ဟောင်ကောင်သူဌေးကြီး လီကွမ်းကီက ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ရာ လန်ဒန်မိုးမျှော်တိုက်တစ်လုံးအတွက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းလည်း ဖြစ်ခဲ့သည်။
ပြီးခဲ့သောနှစ်အတွင်းတွင်ပင် တရုတ်အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး Cheung Chung Kiu က လန်ဒန်ရှိ အထင်ကရ အဆောက်အအုံကြီးတစ်ခုဖြစ်သော "Cheesegrater" အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)