ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ် ဟုခ်ျ ကွယ်လွန်ချိန် ၁၉၇၆ ခုနှစ်အထိ နေထိုင်သွားခဲ့သော စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ရောင်းထွက်သွားသည်။
ဟောင်းဝပ်ဟုခ်ျသည် အဆိုပါစံအိမ်ကြီးတွင် ၁၉၅၀ ပြည့်နှစ်မှ ကွယ်လွန်ချိန် ၁၉၇၆ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။
ကယ်လီဖိုးနီးယားနှင့် နီဗားဒါးနယ်စပ်ရှိုကမ္ဘာကျော် တာဟိုးရေကန်ကြီး (Lake Tahoe) ကမ်းခြေတွင် တည်ရှိသည်။
Sierra Nevada တောင်တန်းကြီးပေါ်တွင်တည်ရှိပြီး ရေကန်ကြီး၏ သာယာလှပသော ကမ်းခြေများ၊ နှင်းလျှောစီးစခန်းများဖြင့် နာမည်ကျော်သည်။
ဟောင်းဝပ်ဟုခ်ျ၏ စံအိမ်ကြီးမှာ ရေပြင်နှင့် ပေ ၅၀၀ ထိစပ်မှုရှိပြီး ရေပြင်ကျယ်ကြီး၏ သာယာလှပသောမြင်ကွင်းကို ၁၈၀ ဒီဂရီ ရှုမြင်နိုင်သည်။
ဟောင်းဝပ်ဟုခ်ျသည် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အပြင် ကျွမ်းကျင်သည့်လေယာဉ်မှူးတစ်ဦးလည်းဖြစ်သည့်အပြင် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်သည်။
တက္ကဆပ်ပြည်နယ်၊ ဟတ်စ်တန်မြို့(သို့မဟုတ်) ဟမ်ဘယ်လ်မြို့မှာ သူ၏ဇာတိဖြစ်သည်ဟု မှတ်တမ်းများရှိသည်။
မွေးနေ့အတိအကျကို မည်သူမျှ မသိကြသော်လည်း ၁၉၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ဟု ဝီကီပီဒီယာတွင် ဖော်ပြသည်။ ကွယ်လွန်သည် မှာမူ ၁၉၇၆ ခုနှစ်၊ ဧပြီလ ၅ ရက်ဖြစ်သည်။
အဆိုပါစံအိမ်ကြီးသည် ဈေးကွက်တင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းများ ၅ နှစ်ခန့် ဖြစ်ပွားခဲ့ပြီးမှ ယခုအခါ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
"Summertide" ဟု အမည်ပေးထားသော စံအိကြီးအတွင်း အဆောက်အအုံ ၂ လုံး ပါဝင်ရာ စတုရန်းပေ ၂၅၁၈ ကျယ်ဝန်းသော အိပ်ခန်း ၅ ခန်းပါ ပင်မစံအိမ်နှင့် စတုရန်းပေ ၁၃၄၃ ကျယ်ဝန်းသော အိပ်ခန်း ၂ ခန်းပါ အိမ်ငယ်တစ်လုံးတို့ ပါဝင်သည်။
ပြီးခဲ့သော ၃ နှစ်တာ ကာလအတွင်း ခေါ်ဈေး ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်းနှင့် ၁၄ ဒသမ ၅ သန်းအကြား အကြိမ်ကြိမ် အရောင်းဈေးကွက်တင်ခဲ့ပြီး နောက်ဆုံးဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြစ်သည်။
ခြံဝန်းအကျယ်မှာ ၅ ဒသမ ၅ ဧကရှိပြီး ဟောင်းဝပ်ဟုခ်ျမတိုင်မီတွင် တစ်ကြိမ်သာ လက်ပြောင်းလက်လွှဲဖြစ်ခဲ့ဖူးသည်။
ဟောင်းဝပ်ဟုခ်ျက ၁၉၅၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန် ၁၉၇၆ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။
နေထိုင်စဉ်ကာလအတွင်း ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ ဧည့်ခံခဲ့ဖူးရာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးတို့လည်း အပါအဝင်ဖြစ်လေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)