ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
သြဂုတ်လ၂၄ရက်နေ့ကအတည်ပြုပြဌာန်းလိုက်သည့် စုပေါင်းပိုင်အဆောက်အအုံနည်း ဥပဒေတွင်အမှန်တကယ်အသုံးပြုရန်လိုအပ်ချက်များရှိနေသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံမှ သိရသည်။
လက်ရှိစုပေါင်းပိုင်အဆောက်အအုံကို ငါးနှစ်ကိုးလကျော်အချိန်ယူကာဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ၊ ပြည်ထောင်စုလွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ပြည်သူလွှတ်တော်နှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများပူးပေါင်းအကြံဥာဏ်ဖြင့်ရေးဆွဲခဲ့ခြင်းဖြစ်သည်။
လက်ရှိဥပဒေတွင်ယခင်ကဝန်ကြီးဌာနနှင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြားအပြန်အလှန်တောင်းဆိုမှုများကိုလွှတ်တော်မှနှစ်ဦးနှစ်ဖက်အဆင်ပြေစေရန်အတည်ပြုပြဌာန်းပေးလိုက်ခြင်းဖြစ်သည်။ နည်းဥပဒေတွင် နိုင်ငံခြားသား၄၀ရာခိုင်နှုန်းဝယ်ယူခွင့်နှင့် နိုင်ငံသားများမှ၆၀ရာခိုင်နှုန်းဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ထို့ ပြင်အိမ်ရာများဝယ်ယူခြင်းအတွက် နိုင်ငံသားများဝင်ငွေခွန်ကင်းလွှတ်ခွင့်ရရှိမည်ဖြစ်ပြီး အခွန်တံဆိပ်ခေါင်း၎ရာခိုင်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
အိမ်ရာများအတွက် အရောင်းအဝယ်လုပ်ငန်းများကို စီမံခန့်ခွဲနိုင်မည့် စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းပြီးမှသာ အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။ဈေးကွက်ထဲရောက်ရှိပြီးသားကွန်ဒိုတိုက်ခန်းများကို အရောင်းအဝယ်ပြုလုပ်မည့် ကန်ထရိုက်တာများသည်BCC(ဆောက်လုပ်ခွင့်ပါမစ်)ကျပြီး ရက်၃၀အတွင်း မှတ်ပုံတင်လွှဲပြောင်းခြင်းပြုလုပ်ရမည်ဖြစ်ပြီး ထပ်မံဆောက်လုပ်မည့်ကွန်ဒိုတိုက်ခန်းများအနေဖြင့် ဆောက်လုပ်သည့်အာမခံကို စီမံကိန်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို ဌာနကသတ်မှတ်ထားသည့် ဘဏ်တွင်ထည့်သွင်းထားရမည်ဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com