ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အသင့်ဆောက်နေအိမ်အစိတ်အပိုင်းများထုတ်လုပ်သည့် ဖိလစ်ပိုင်ကုမ္ပဏီ Revolution Precrafted သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဇိမ်ခံဗီလာအိမ်ကြီးများအား အမေရိကန်ဒေါ်လာ သန်း ၂၁၀ ဖြင့် တပ်ဆင်ဆောက်လုပ်ပေးရန် အမေရိကန်အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) Imperial Heights LLC နှင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။
အနည်းဆုံး စတုရန်းမီတာ ၄၅၀ အရွယ်အစားရှိ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းတန် ဗီလာအလုံး ခြောက်ဆယ်ကို ဆန်ဘာနာဒီနို ကောင်တီရှိ Imperial Heights Estates အိမ်ရာဝင်းအတွင်း မြေ ၂၄ ဧကပေါ်တွင် ဆောက်လုပ်တပ်ဆင်ပေးရမည်ဖြစ်ကြောင်း Revolution Precrafted က သြဂုတ် ၂၂ တွင် ကြေညာခဲ့သည်။
၎င်းသဘောတူစာချုပ်သည် မနီလာအခြေစိုက် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် (၂၀၁၇ စာရင်းအရ) တန်ဖိုးရှိ Revolution Precrafted ကုမ္ပဏီအတွက် ပထမဆုံးပြည်ပစီမံကိန်းဖြစ်သည်။
"ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းကွန်ရက်ကို ကျွန်တော်တို့ ပစ်မှတ်ထားထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ကို ချဲ့ထွင်နိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ဒါဟာ ကျွန်တော်တို့ ဖော်ဆောင်ပေးခွင့်ရတဲ့ အဆင့်အမြင့်ဆုံးစီမံကိန်းတွေထဲက တစ်ခုပါပဲ" ဟု Revolution Precrafted ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ရော်ဘီအန်တိုနီတိုက ပြောကြားခဲ့သည်။ ရော်ဘီအန်တိုနီယိုသည် ၂၀၁၈ PropertyGuru Pilippines Propterty Awards ဆုပေးပွဲတွင် Real Estate Personality of the Year ဆုကို ဆွတ်ခူးထားသည်။
ဗီလာများအတွက် ဒီဇိုင်းများကို တပ်ဆင်မှုစတင်မည့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်မကုန်မီ အချိန်မီအပြီးသတ်ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
မြေနှင့် နေရာအကွက်အကွင်း ဖော်ဆောင်မှုနှစ်ခုစလုံးကို Imperial Heights LLC က ကြီးကြပ်မည်ဖြစ်သည်။ "Revolution Crafted ဟာ ကမ္ဘာ့ အကောင်းဆုံးအိမ်ခြံမြေကုမ္ပဏီတွေထဲက တစ်ခုပါ။ ကယ်လီဖိုးနီးယားဝယ်လက်တွေကို ဆွဲဆောင်နိုင်မယ့်၊ ကျွန်တော်တို့လိုချင်တဲ့ ဒီဇိုင်းနဲ့ အရည်အသွေး ရအောင် သူတို့ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။" ဟု Imperial Heights LLC ၏ အမှုဆောင်အရာရှိချုပ် ထရူးလီက ပြောကြားခဲ့သည်။
Revolution Crafted ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာကာ ဒူဘိုင်းတွင် The World Islands အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံတန် သဘောတူစာချုပ်အပါအဝင် ပြီးခဲ့သည့်နှစ်အတွင်း မိတ်ဖက်လုပ်ငန်းဆောင်ရွက်မှုများစွာကို ရရှိခဲ့သည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com