ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တရုတ်အစိုးရသည် မြို့ပြဆင်ခြေဖုံးဒေသများ ဖွံ့ဖြိုးရေးအတွက် ယခုနှစ် ပထမ ၇ လအတွင်း ယွမ်ငွေ ၉၉၀ ဘီလီယံ (ကန်ဒေါ်လာ ၁၄၃ ဒသမ ၆၃ ဘီလီယံ) ခန့်အထိ သုံးစွဲခဲ့သည်ဟု အိုးအိမ်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရုတ်ဗဟိုဘဏ်က မြို့ပြဆင်ခြေဖုံးဒေသများရှိ ဆင်းရဲသားရပ်ကွက်များ ဖွံ့ဖြိုးမှုစီမံကိန်းများ (SRP) အတွက် ဒေါ်လာ ဘီလီယံ ရာနှင့်ချီ၍ ချထားပေးခဲ့ပြီး ဖြစ်သည်။
ဆင်းရဲသားရပ်ကွက်များ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရာတွင် နေအိမ်ဖျက်သိမ်းခံရသည့် ဒေသခံများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်းကိုလည်း အဆိုပါရန်ပုံငွေမှ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ရောင်းမထွက်သည့် နေအိမ်ပေါင်းများစွာရှိနေသည့် မြို့ငယ်ကလေးများတွင် ယခုမူဝါဒမှာ အိမ်ခြံမြေဈေးကွက် ပြန်လည်ဖွံ့ဖြိုးလာစေရန် များစွာအထောက်အကူ ပြုခဲ့ပြီး ၂၀၁၅ ခုနှစ်ကတည်းကပင် စီးပွားရေးပြန်လည်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း အဆိုပါစီမံကိန်းသို့ ယွမ်ငွေ ၁ ဒသမ ၈၄ ထရီလီယံ (ကန်ဒေါ်လာ ၂၇၈ ဒသမ ၂၁ ဘီလီယံ) ခန့်အထိ အလုံးအရင်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုနှစ်အတွင်း ဆောက်လုပ်ခဲ့သည့် နေအိမ်သစ်ပေါင်း ၆ သန်းကျော်ရှိခဲ့သည်။
ယခု ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း နေအိမ်သစ်ပေါင်း ၅ ဒသမ ၈ သန်း ထပ်မံဆောက်လုပ်သွားရန် တရုတ်အစိုးရက ရည်မှန်းထားသည်။
အိုးအိမ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၇ လတာအတွင်း နေအိမ်ပေါင်း ၄ ဒသမ ၀၇ သန်း စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)