ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မိုက်ကယ်ဂျက်ဆင်နှင့် The Rolling Stones တေးဂီတအဖွဲ့ဝင်များ နေထိုင်ခဲ့ဖူးသော ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်မိသားစုပိုင်ဆိုင်သည် ဧကပေါင်း ၅၀၀၀ ကျော်ကျယ်ဝန်းသည့် စံအိမ်ကြီးကို ပေါင် ၂၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာသည်။
Luggala ဟု အမည်ပေးထားပြီး ပင်မနေအိမ်ကြီးအပြင် ဂေါ့သစ်ရီဗိုက်ဗယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အိပ်ခန်း ၇ ခန်းပါ နေအိမ်တစ်လုံးလည်း ပါဝင်ပြီး အဆိုပါနေအိမ်အတွက် သီးသန့် ရေကန်တစ်ခုလည်း ပါဝင်သည်။
Luggala ဟူသည့်အမည်မှာ တောင်ကုန်း၏ အခေါင်းပေါက်ဟု အဓိပ္ပာယ်ရပြီး ၁၈ ရာစုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အိုင်ယာလန်နိုင်ငံ၏ Wicklow တောင်တန်းများပေါ်တွင် တည်ရှိသည်။
ပင်မနေအိမ်မှာ Luggala Lodge ဟု အမည်ရပြီး အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၉၀၀၀ ရှိကာ မျှော်စင်များနှင့် မြို့ရိုးသဖွယ်တံတိုင်းတို့မှာ ပုံပြင်ထဲမှ ရဲတိုက်ကြီးများအသွင် မှတ်ထင်ရသည်။
လန်ဒန်မြို့ အနောက်တောင်ဘက် Twickenham အရပ်တွင် ဂေါ့သစ်ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော Strawberry Hill House အဆောက်အအုံကြီးကို စံယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Luggala အဆောက်အအုံကြီးနှင့် ခြံဝန်းကြီးကို ၂၀၁၇ ခုနှစ်၊ မတ်လကတည်းက အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်ကာလက Sotheby မှ အကျိုးဆောင်များသည် နေအိမ်ပိုင်ရှင် (ယခုကွယ်လွန်သွားပြီဖြစ်သော) ဖြစ်သူ ဂါရိခ်ျ ဘရောင်နီအား ခြံဝန်းကြီးအတွင်းရှိ နေအိမ်တစ်ခုတွင် အချိန်ကာလတစ်ခု နေထိုင်ခွင့်ပေးမည့် ဝယ်လက်မျိုးကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ မစ္စတာ ဘရောင်နီသည် ပြီးခဲ့သော ၃ လခန့်က ကွယ်လွန်သွားရှာပြီ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)