ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဒုတိယသုံးလပတ်ပုဂ္ဂလိကအိမ်ဈေးများ လေးနှစ်အတွင်း အမြင့်မားဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည့် စင်္ကာပူတွင် အစိုးရ၏ ယခုနောက်ဆုံး အိမ်ခြံမြေဈေးကွက် တည်ငြိမ်စေရေး စည်းမျဉ်းတင်းကျပ်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် အိမ်ချေးငွေဖွံ့ဖြိုးမှုနှင့်အတူ အိမ်ဈေးများလည်း
ကျဆင်းနိုင်ကြောင်း စင်္ကာပူဘဏ်များက ခန့်မှန်းလိုက်သည်။
စည်းမျဉ်းတင်းကျပ်မှုသစ်များ ဇူလိုင် ၆ တွင် စတင်အာဏာသက်ရောက်လာခဲ့ပြီးနောက် အိမ်ဈေးများ ၅ ဒသမ ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း UOB ဘဏ်အကြီးအကဲ ဝီအဲချုံ၏ ပြောကြားချက်ကို Business Times အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်ဝေသော စင်္ကာပူအခြေစိုက် ဘဏ္ဍာရေးသတင်းစာက ဖော်ပြခဲ့သည်။
အိမ်ချေးငွေချေးယူမှုများ ကျဆင်းနိုင်ကြောင်း သူက ခန့်မှန်းခဲ့သော်လည်း ယခုကာလတွင်မူ ၎င်းတို့ဘဏ်၏အိမ်ချေးငွေဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်မည်ဟု မခန့်မှန်းခဲ့ပေ။
OCBC ဘဏ်၏ ကမ္ဘာ့သုံးစွဲသူဘဏ္ဍာရေးဝန်ဆောင်မှုအကြီးအကဲလည်း ဖြစ်သည့် OCBC လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ချင်ဝေ့ဟုန်ကမူ ၂၀၁၈ ခုနှစ်အတွက် ယေဘုယျအိမ်ချေးငွေဖွံ့ဖြိုးမှုအား ရာခိုင်နှုန်းအားဖြင့် ဂဏန်းတစ်လုံးနှုန်းသာ ဖွံ့ဖြိုးမည်ဟု ခန့်မှန့်ထားသည်။
စင်္ကာပူ၏ ဘဏ်ကြီးသုံးခုဖြစ်သော UOB ၊ OCBC နှင့် DBS တို့သည် အစိုးရ၏ အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုသစ်များအောက်တွင် လာမည့်နှစ်များအတွင်း အိမ်ချေးငွေဖွံ့ဖြိုးမှု ပိုမိုနှေးကွေးခြင်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
စည်းမျဉ်းသစ်များက ဝယ်လိုအားအဟုန်ကို ထိခိုက်စေမည်ဟု ခန့်မှန်းရခြင်းနှင့်အတူ စင်္ကာပူ၏ အကြီးဆုံးချေးငွေပံ့ပိုးသူ DBS က ၎င်း၏ အိမ်ခြံမြေချေးငွေဖွံ့ဖြိုးမှုခန့်မှန်းချက်ကို ဒေါ်လာ ၁ ဘီလျံ လျှော့ချခဲ့သည်။
တရုတ်နှင့် အမေရိကန်အကြား မြင့်တက်လာသော ကုန်သွယ်ရေးတင်းမာမှုများနှင့် စစ်အေးတိုက်ပွဲပုံစံသစ်တို့အကြား စင်္ကာပူအိမ်ခြံမြေဈေးကွက်အေးစက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းဘဏ်သုံးခုက မှတ်ချက်ပြုခဲ့သည်။
စင်္ကာပူအစိုးရက အိမ်ခြံမြေထပ်ဆောင်းဝယ်ယူသူများအတွက် တံဆိပ်ခေါင်းခွန်အား တိုးမြှင့်ခြင်းနှင့် လူနေအိမ်ခြံမြေဝယ်ယူမှုအတွက် ချေးငွေခွင့်ပြုမှုပမာဏအား တင်းကျပ်ခြင်းတို့အား ဇူလိုင် ၅ တွင် ကြေညာခဲ့သည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com