ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာ-ဂျပန် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် ကျိုက္ကဆံကွင်းစီမံကိန်း စတင်ပါက မြေအသုံးချမှုပရီမီယံကြေး ဒေါ်လာသန်း ၂၀၀ ရရှိရေးညှိနှိုင်းထားကြောင်း နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောသည်။
တာမွေမြို့နယ်ရှိ ဧက ၁၅၀ ခန့် ကျယ်ဝန်းသော ကျိုက္ကဆံကွင်းကို အောင်ဆန်းအမျိုးသားစိမ်း လန်းဥယျာဉ်စီမံကိန်းအဖြစ် နှစ် နိုင်ငံဆောင်ရွက်ရန် ညှိနှိုင်းနေသည်။ စီမံကိန်းဆောင်ရွက်ရာ တွင် အားကစားတက္ကသိုလ်၊ ပြည်သူလူထုအနားယူနိုင်မည့် စိမ်းလန်းဥယျာဉ်၊ စီးပွားရေးဆိုင်ရာနှင့် လူနေအိမ်အထပ်မြင့်အဆောက်အအုံ စသည်ဖြင့် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ရန် စီစဉ်ထားသည်။
စီမံကိန်းစတင်ပါက စီးပွားရေးဆိုင်ရာ အဆောက်အအုံများဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး မြေအသုံးချမှုအတွက် ဒေါ်လာသန်း ၂၀၀ ပေးရန် မြန်မာဘက်က ဂျပန်ဘက်သို့ အဆိုပြုခဲ့ရာ လတ်တလောညှိနှိုင်းမှုများအရ ဒေါ်လာသန်း ၁၀၀ ကို ငွေသားအဖြစ် နိုင်ငံတော်ကရရှိပြီး ကျန်ဒေါ်လာသန်း ၁၀၀ ကို အားကစားကွင်း အဆောက် အအုံများပြောင်းရွှေ့ခြင်းနှင့် အခြားလိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကနဦးညှိနှိုင်းထားကြောင်း ဦးမျိုးမြင့်က ရှင်းပြသည်။
‘‘မြေဧက ငှားတဲ့နေရာမှာ တစ်ဧကကို ကန်ဒေါ်လာ သုံးမီလီယံနဲ့ ငှားပါမယ်။ အဲဒီတော့ ဒေါ် လာသန်း ၁၀၀ ကနဦးရပါမယ်။ နောက်သန်း ၁၀၀ အတွင်းမှာက ယာယီအဆောက်အအုံတို့၊ ဘာတို့လုပ်ပေးရမယ်။ ၂၀၀ မီလီယံထဲကနေ ဒီထက်များ ပိုလို့ရမလား။ ပြန်ညှိဖို့ ကြိုးစားနေပါတယ်။ တစ်ခုတော့ရှိတာပေါ့ နှစ်ဖက်ညှိရမှာ။ သူ့ဘက်ကိုယ့်ဘက်အကျိုးရှိအောင်’’ဟု ဦးမျိုးမြင့်က ပြောသည်။
စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ် ရန် ဧက ၃၀ ကျော် အသုံးပြုရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
ထို့အပြင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများဆောက်လုပ် ပြီးစီးပါက ငှားရမ်းခအဖြစ် နှစ်စဉ် ဒေါ်လာ ၁၀ သန်းခန့် နိုင်ငံတော်က ထပ်မံရရှိမည်ဟု ဦးမျိုးမြင့်က ရှင်းပြသည်။
‘‘အခုလောလောဆယ်တော့ ညှိတဲ့အဆင့်ပေါ့လေ’’ဟု ၎င်းကဆိုသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ဇူလိုင်လကုန်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် နိုင်ငံတော်စီးပွား ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော် မတီ (NECC) အစည်းအဝေးကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် အကျိုးရှိပါက မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောသည်။
ယင်းစီမံကိန်း ဆောင်ရွက်မည်ဆိုပါက ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းနှင့် ၀န်ထမ်းအိမ်ရာများ ကို မြောက်ဒဂုံမြို့နယ်ရှိ မြင်းစီးကွင်းသို့ ယာယီရွှေ့ပြောင်းရန် စီ စဉ်ထားသည်။
အဆိုပါစီမံကိန်းဆောင်ရွက် နိုင်ရေးနှင့် ပတ်သက်ပြီး NECC အဖွဲ့ဝင်များဖြစ်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဦးမျိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန တာဝန်ရှိသူများသည် သြဂုတ် ၁၉ ရက်က ကျိုက္ကဆံအား ကစားနှင့် ကာယပညာသိပ္ပံ၌ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
Credit: 7Daydaily