ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကို လျှောက်ထားသူများကိုယ်တိုင် မဲနှိုက်ခွင့်ပေးရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့တော်ခန်းမတွင် မဲနှိုက်ရွေးချယ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။
“တတ်နိုင်သမျှ စည်ပင်ဘက်က မပါဘူး။ မသမာမှုတွေဖြစ်မှာစိုးလို့။ ပရိသတ်ထဲက နှိုက်ပေးတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် အားလုံးကျေနပ်နိုင်တဲ့ စနစ်တစ်ခုနဲ့ မဲနှိုက်ပေးမယ်”ဟု ပြန်ကြားရေးတာဝန်ခံလည်းဖြစ်သူ ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။
လျှောက်လွှာ တင်ထားသူများအနက် တိုက်ခန်းဝယ်ယူခွင့် ရ၊ မရအတွက် ပထမအဆင့်မဲနှိုက်ရွေးချယ်ရမည်ဖြစ်ကာ အခန်းနံပါတ်နှင့်အထပ်အတွက် ထပ်မံမဲနှိုက်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။
မဲပေါက်သူများအနေနှင့် တိုက်ခန်းတန်ဖိုးကို ငွေအကျေပေးချေသည့်စနစ်နှင့် ဘဏ်ချေးငွေစနစ်တို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ရာ ဘဏ်ချေးငွေစနစ်ဖြင့်ဝယ်ယူရန် ဧရာဝတီ၊ ရတနာပုံ၊ MOB နှင့် CHID (Construction Housing and Infrastructure Development) ဘဏ်တို့နှင့် ချိတ်ဆက်ထားသည့်အပြင် အခြားဘဏ်များနှင့်လည်း ထပ်မံချိတ်ဆက်နေကြောင်း၊ တိုက်ခန်းဈေးနှုန်းများမှာ မြေညီထပ် ကျပ်သိန်း ၂၆၀ ၊ ပထမထပ် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ်ကျပ်သိန်း ၂၀၀၊ ပဉ္စမထပ် ကျပ်သိန်း ၁၉၀ သတ်မှတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
တိုက်ခန်းလျှောက်လွှာတစ်စောင် လျှင် ၅၀၀ ကျပ်ဖြင့် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၇ ရက်အထိရောင်းချခဲ့ပြီး အဆိုပါလျှောက်လွှာများကို ဩဂုတ်လ ၁ ရက်မှ ၁၄ ရက်အတွင်း ပြန်လည်လက်ခံခဲ့ သည်။
လျှောက်ထားသူများအနက် စည်းကမ်းချက်နှင့်ကိုက်ညီသော လျှောက်လွှာရှင်များကို တိုက်ခန်းဝယ်ယူခွင့်အတွက် မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်သည်။
“မဲနှိုက်တဲ့နေ့မှာ ဘဏ်တွေက Booth (ယာယီအဆောက်အအုံ) တွေ ဖွင့်ထားမယ်။ ကိုယ်ကြိုက်တဲ့ဘဏ်က ချေး။ တိုက်ခန်းမဲပေါက်တဲ့သူ ဟုတ်ပါတယ်လို့ စည်ပင်ဘက်ကတာဝန်ခံရင် ဘဏ်တွေက ငွေချေးပေးမယ်”ဟု ဦးကျော်ဆန်းမြင့်က ရှင်းလင်းပြောဆိုသည်။
ယခုရောင်းချမည့် တိုက်ခန်းများသည် နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအတွက်ဖြစ်ပြီး အာရ်စီအမျိုးအစား လေးခန်းတွဲတိုက်များဖြစ်ကာ အဆောက်အအုံ ၂၈ လုံးရှိ အခန်းပေါင်း ၆၇၂ ခန်းကို ရောင်းချပေးခြင်းဖြစ်သည်။
တိုက်ခန်းဝယ်ယူခွင့်အတွက် လျှောက်လွှာတင်သူ အငြိမ်းစားဝန်ထမ်း ၂၅၈၂ ဦး၊ နိုင်ငံ့ဝန်ထမ်း ၈၆၂၂ ဦးရှိရာ ၎င်းတို့အနေနှင့် သီးခြားစီ မဲနှိုက်ရွေးချယ်ရမည်ဖြစ်သည်။
Credit: The Voice