စင်္ကာပူအရှေ့ မြောက်ပိုင်းရှိ ဘက်စုံသုံးဆောက်လုပ်ရေးစီမံကိန်းဆောက်လုပ်ရမည့် ၃ ဒသမ ၇ ဟက်တာ ကျယ်ဝန်းသော မြေနေရာကို CapitaLand နှင့် City Developments (CDL) တို့ ပူးပေါင်းကာ စင်္ကာပူဒေါ်လာ ၇၇၇ ဒသမ ၇၈ သန်း ( ကန်ဒေါ်လာ ၅၆၆ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း အဆိုပါ ကုမ္ပဏီတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၀၇ ခုနှစ်ကတည်းက စတင်ပူးပေါင်းခဲ့သည့် အဆိုပါ developer ကုမ္ပဏီကြီး ၂ ခုသည် ယခုမြေကွက်နေရာတွင် နေအိမ်ပေါင်း ၇၀၀ ခန့်အပြင် အခြားအခြေခံအဆောက်အအုံများလည်း ထည့်သွင်းဆောက်လုပ်သွားရန် ရည်မှန်းထားသည်။
ရှမ်းကန် စင်ထရယ်လ်ဟု အမည်ပေးထားသော ယခုစီမံကိန်းသည် စင်္ကာပူမြို့ ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) က ၂၀၁၅ ခုနှစ်ကတည်းက ကမ်းလှမ်းထားခဲ့သည့် ဘက်စုံသုံးအကြီးမားဆုံး စီမံကိန်းကြီးဖြစ်သည်။
ယခုဝယ်ယူလိုက်မှုကို သြဂုတ်လ ၁၆ ရက်က ကုမ္ပဏီ ၂ ခု ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး CapitaLand အတွက် တစ်ပတ်အတွင်း ဒုတိယမြောက်အကောင်အထည်ဖော်လိုက်သည့် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။
ယင်းမတိုင်မီက ကွမ်ကျိုးတွင်လည်း ကန်ဒေါ်လာ ၂၉၇ သန်းဖြင့် ဆောက်လုပ်ရေးစီမံကိန်းနေရာတစ်ခုကို ဝယ်ယူထားသေးသည်။
“CapitaLand ဟာ CDL နဲ့ ပူးပေါင်းပြီးတော့ ဒီနေရာကို အထင်ကရနေရာတစ်ခုဖြစ်လာအောင်၊ Buangkok ဒေသရဲ့  အဓိကအရေးပါတဲ့ နေရာသစ်တစ်ခုဖြစ်လာအောင် ပြောင်းလဲပုံဖော်ပေးဖို့ ရည်ရွယ်ထားပါတယ်” ဟု CapitaLand Group ၏ ဥက္ကဌ/စီအီးအိုဖြစ်သူ လင်းမင်ယန်က ပြောကြားသည်။
CapitaLand နှင့် လက်တွဲလုပ်ကိုင်မည့် CDL သည် Buangkok အရပ်နှင့် ရင်းနှီးပြီးဖြစ်ကာ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် အဆိုပါအရပ်တွင်ပင် အခန်းပေါင် ၆၁၆ ခန်းပါဝင်သည့် Jewel ကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)