ကန်ထရိုက်တိုက်နှင့် အဆောက်အအုံ တည်ဆောက်မှု နည်းပါးလာသောကြောင့် အိမ်ဆောက်ပစ္စည်းဖြစ်သည့် သဲ၊ ကျောက်စရစ်နှင့် ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလာကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။
ဘိလပ်မြေဈေးနှုန်းများမှာ ဇူလိုင်လက ဆင်တံဆိပ်ဘိလပ်မြေ တစ်အိတ်လျှင် ၅၈၀၀ ကျပ်ရှိရာမှ ယခုလမှ စတင်ကာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၅၀၀၀ အထိ ကျဆင်းလာပြီး ကျောက်စရစ် တစ်ကျင်းလျှင် ယခင်လက ကျပ် ၆၀,၀၀၀ ရှိရာမှ ယခုရက်ပိုင်းတွင် ကျပ် ၄၅,၀၀၀ အထိ ဈေးနှုန်းကျဆင်းလာကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။ “အိမ်ဆောက်ပစ္စည်းဈေးနှုန်းက ဘိလပ်မြေနဲ့ကျောက်စရစ်တွေ ဈေးကျတယ်။ ရောင်းအား ကျဆင်းလာတယ်။ ဝယ်ယူသူက မရှိသလောက်ကို နည်းတယ်။ ဆောက်လုပ်ရေးဈေးကွက်တင်မက အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေလည်း ဝယ်ယူတာမရှိတော့ အခက်အခဲတွေဖြစ်တယ်”ဟု ဒေါ်ငွေဝင်းနှင့်သားများ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ကိုသန်းအောင်က ဆိုသည်။
သဲတစ်ကျင်းလျှင် ယခင်က ၁၀,၀၀၀ ကျပ်ရှိရာမှ ယခုရက်ပိုင်းတွင် ၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် အုတ်ဈေးနှုန်းများမှာ အုတ်ဈေးမှာမူ ယခင်လနည်းတူ ၁၁၅ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။
မိုးရာသီကာလသို့ ရောက်ရှိနေသောကြောင့် အဆောက်အအုံများ တည်ဆောက်မှုနည်းပါးပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာလည်း ကန်ထရိုက်တိုက်တည်ဆောက်ရာတွင် ဝယ်ယူသူမရှိသောကြောင့် တည်ဆောက်မှုများ ခေတ္တရပ်ဆိုင်းထားရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
Credit: The Voice