အိမ်ရာသိပ်သည်းမှုနှင့် ရင်ဆိုင်နေရသည့် ဟောင်ကောင်၏ ကာလရှည်ကြာ
ကိစ္စရပ်များ ပြေလည်စေရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် မြေဟက်တာ ၂,၂၀၀
ကျယ်ဝန်းသော ကျွန်းတုတစ်ခု တည်ဆောက်ရန် ဟောင်ကောင်အစိုးရအကြံပေးအဖွဲ့တစ်ဖွဲ့က အကြံပြုလိုက်ကြောင်း သိရသည်။
ဟောင်ကောင်၏ အကြီးဆုံးကျွန်းဖြစ်သည့် Lantau ကျွန်းအရှေ့ဘက်တွင်
လူဦးရေ ၁ ဒသမ ၁ သန်း ဆံ့သည့် ကျွန်းတုဆောက်လုပ်ရန် အစီရင်ခံစာ
တစ်စောင်အား Our Hong Kong Foundation က သြဂုတ် ၈ တွင်
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းအကြံပေးအဖွဲ့ကို ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ထန်ချီဟွား
လက်ထက်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
"မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးတွေက ပြည်သူတွေရဲ့ ဘဝရပ်တည်ရေးကို
ဆိုးဆိုးရွားရွားထိခိုက်လာပါတယ်။ လူအများအပြားဟာ အိမ်ခန်းတွေကိုမှ
ထပ်ဆင့်ပိုင်းကန့်ပြီး နေနေကြရပါတယ်။ ဆင်းရဲချမ်းသာကွာဟမှုက
ပိုပြီးကြီးမားလာပါတယ်" ဟု ထန်က ပြောကြားခဲ့ဖူးသည်။
Our Hong Kong Foundation သည် ထိုအဆိုပြုအစီရင်ခံစာအား McKinsey & Company ၊ Arup နှင့် ERM စသည့် သုတေသနအဖွဲ့အစည်းများနှင့်အတူ
လေ့လာတွက်ချက်ပြုစုခဲ့ခြင်းဖြစ်သည်။
"ကျွန်းတုတစ်ခုတည်ဆောက်တာက ဟောင်ကောင်အတွက်
ကာလတိုကာလရှည်နှစ်ခုစလုံးမှာ အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်" ဟု
McKinsey & Company ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုကျွန်းတွင် တိုက်ခန်းပေါင်း ၂ သိန်းခွဲမှ ၄ သိန်းအကြား ဆောက်လုပ်နိုင်မည်
ဖြစ်ပြီး ဆောက်လုပ်မှုကာလ ၁၁ နှစ် ကြာမြင့်မည်ဖြစ်ကာ ဆောက်လုပ်မှု
ကုန်ကျစရိတ် စတုရန်းပေ ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၃၀၀
(အမေရိကန်ဒေါ်လာ ၁၆၆) ကုန်ကျမည် ဖြစ်ကြောင်း Our Hong Kong
Foundation ၏ ဒုတိယအမှုဆောင်ဒါရိုက်တာ စတီဖင်ဝုန်ယွမ်ရှန်က
ပြောကြားခဲ့သည်။
Our Hong Kong Foundation မှ အဆိုပြုသော အစီရင်ခံစာသည် အစိုးရက
၂၀၃၀ ပြည့်နှစ်မကုန်မီ လူဦးရေ ၇ သိန်း ဆံ့သည့်၊ ဟက်တာ ၁ ထောင်
ကျယ်ဝန်းသော ကျွန်းတု တည်ဆောက်ရန် မကြာသေးမီက လူထုသို့
ထုတ်ပြန်ကြေညာခဲ့သော အစီအစဉ်ထက် ကြီးမားသည်။ ကုန်ကျစရိတ်နှင့်
အကျိုးအမြတ်အချိုးတွင်လည်း ၎င်းအစီရင်ခံစာက ပိုမိုများပြားကြောင်း
သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com